အစ္စရေးနိုင်ငံရှိ ဘင်ဂူရီးယန်းလေဆိပ်အား ဟူသီသူပုန်အဖွဲ့က ဒုံးကျည်ဖြင့်တိုက်ခိုက်
ဂျေရုဆလင်၊ အကြမ်းဖက်မှု
ယီမင်နိုင်ငံရှိ ဟူသီသူပုန်အဖွဲ့သည် မေလ ၄ ရက် နံနက်ပိုင်းတွင် အစ္စရေးနိုင်ငံ တဲအဗစ်မြို့ရှိ အဓိကလေဆိပ်တစ်ခုဖြစ်သည့် ဘင်ဂူရီးယန်းလေဆိပ်အား ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
သူပုန်အဖွဲ့က ပစ်ခတ်လိုက်သည့် ဒုံးကျည်သည် လေဆိပ်အတွင်းရှိ သစ်ပင်အုပ်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၆ ဦးဒဏ်ရာရရှိသွားကြောင်း မီဒီယာများက ဖော်ပြသည်။
အဆိုပါဒုံးကျည်ပစ်ခတ်မှုကို ကြားဖြတ်ဟန့်တားရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိကြောင်း အစ္စရေးတပ်မတော်ကအတည်ပြုထားသည်။ နိုင်ငံ၏ပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် အဆိုပါဒုံးကျည်အား ဟန့်တားရန်ပျက်ကွက်ခြင်းအပေါ်အစ္စရေးလေတပ်မတော်က စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ဟူသီသူပုန်အဖွဲ့သည်ယီမင်နိုင်ငံမြို့တော်နှင့် ဟိုဒေးဒါဆိပ်ကမ်းအပါအဝင် နိုင်ငံအနောက်ပိုင်းကို ထိန်းချုပ်ထားပြီး ပင်လယ်နီအတွင်းမှ ဖြတ်သန်းမောင်းနှင်သွားသည့် ကုန်တင်သင်္ဘောများအား ဒရုန်းများ၊ ဒုံးကျည်များဖြင့်တိုက်ခိုက်လျက်ရှိပြီး အစ္စရေးနိုင်ငံအတွင်းသို့လည်း တိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိသည်။
အဆိုပါတိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးတပ်မတော်က ဟူသီသူပုန်အဖွဲ့၏ ပစ်မှတ်များအပေါ် လေကြောင်းမှတိုက်ခိုက်မှုများလုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
Ref: RT
Source: https://myawady.net.mm/