အိန္ဒိယနှင့်ပါကစ္စတန်တို့ကြားတင်းမာနေစဉ် ပါကစ္စတန်နိုင်ငံက Fatah အမျိုးအစား တာတိုပစ်ဒုံးကျည်တစ်စင်းကိုစမ်းသပ်
အစ္စလာမ်မာဘတ်၊ ကာကွယ်ရေး
အိန္ဒိယနှင့်ပါကစ္စတန်တို့ကြား တင်းမာနေစဉ်အတွင်း ပါကစ္စတန်နိုင်ငံက Fatah အမျိုးအစား တာတိုပစ်ဒုံးကျည်တစ်စင်းကို မေလ ၅ ရက်တွင် အောင်မြင်စွာစမ်းသပ်ခဲ့ကြောင်း သိရသည်။
ယခုလုပ်ဆောင်ခဲ့သည့်ဒုံးကျည်စမ်းသပ်မှုသည် သုံးရက်အတွင်း ပါကစ္စတန်က ဒုတိယအကြိမ်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်သည် အကွာအဝေး ၁၂၀ ကီလိုမီတာအထိပစ်ခတ်နိုင်ပြီး ပါကစ္စတန်တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင်အသင့်ဖြစ်မှုအတွက် အသင့်ဖြစ်စေရန်နှင့် အဆိုပါဒုံးကျည်၏ လမ်းကြောင်းရှာစနစ်နှင့် တိကျမှုတို့ကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပါကစ္စတန်ကထုတ်ပြန်သည်။
ထို့ပြင် ပါကစ္စတန်နိုင်ငံသည် မေလ ၃ ရက်ကလည်း Abdali လက်နက်စနစ်ဟုအမည်ပေးထားသည့် မြေပြင်မှမြေပြင်ပစ်ဒုံးကျည်တစ်စင်းကိုပစ်ခတ်စမ်းသပ်ခဲ့ကြောင်း သိရသည်။
Abdali လက်နက်စနစ်သည် အကွာအဝေး ၄၅၀ ကီလိုမီတာ ၂၈၀ မိုင် အကွာအထိ ပစ်ခတ်နိုင်ပြီး ပါကစ္စတန်တပ်မတော်က အဆိုပါဒုံးကျည်စမ်းသပ်မှုများအား Exercise Indus ဟူသော စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများနှင့်စပ်လျဉ်း၍ အိန္ဒိယနိုင်ငံက တရားဝင် တုံ့ပြန်ပြောကြားထားခြင်းမရှိသော်လည်း အဆိုပါဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများကို ရန်စခြင်းဖြစ်သည်ဟု အိန္ဒိယအစိုးရက စွပ်စွဲထားကြောင်းသိရသည်။
Ref: RT
Source: https://myawady.net.mm/