ကရင်မလင်က အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ “ရုရှားနိုင်ငံသည် အဆိုပါအရေးယူမှုများကို လုံးဝ မကြောက်ရွံ့ပါ” ဟု ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည်။ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က “မိမိတို့သည် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ကြာမြင့်စွာ ရင်ဆိုင်ဖူးပြီးဖြစ်ပြီး ထိုအရာများသည် မိမိတို့၏စီးပွားရေးကို မတုန်လှုပ်စေနိုင်ပါ” ဟု ပြောကြားခဲ့သည်။ထို့အပြင် ၎င်းက “ပိတ်ဆို့မှုများသည် အနောက်နိုင်ငံများ၏ ကိုယ်ကျိုး စီးပွားကိုသာ ထိခိုက်စေမည်ဖြစ်ပြီး ရုရှားသည် မိမိ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးအတွက် မည်သည့်အရာကိုမဆို ပေးဆပ်ရန် အဆင်သင့်ဖြစ်နေပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။အနောက်နိုင်ငံများက အနောက်ဥရောပအာမခံစနစ်များပြင်ပတွင် လုပ်ကိုင်နေသည့် ရေနံတင်သင်္ဘောဟောင်း ၁၀၀ အထိ ပိတ်ဆို့စာရင်းသွင်းခဲ့သည်။ ယူကရိန်းပဋိပက္ခ သုံးနှစ်ကျော်ကြာ ပြင်းထန်လာသည့်ကာလအတွင်း ဗြိတိသျှအစိုးရအဆက်ဆက်က ရုရှားနိုင်ငံသားများနှင့် လုပ်ငန်းများအပေါ် ဒဏ်ခတ်အရေးယူမှု ၂,၀၀၀ ကျော် ချမှတ်ခဲ့သည်။မော်စကိုက အဆိုပါလုပ်ရပ်သည် ရုရှား၏စီးပွားရေးကို မထိခိုက်စေဘဲ ဥရောပတွင် စွမ်းအင်စျေးနှုန်းများနှင့် ငွေကြေးဖောင်းပွမှုကို ပိုမိုမြင့်တက်စေမည်ဟု ပြောကြားခဲ့သည်။ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်နိုင်ငံများသည် မကြာသေးမီနှစ်များအတွင်း ရုရှားကုမ္ပဏီများနှင့် နိုင်ငံသားများအပေါ် စုစုပေါင်း ဒဏ်ခတ်အရေးယူမှု ၂၈,၅၉၅ ခု ချမှတ်ခဲ့ကြောင်း၊ ၎င်းမှာ အခြားနိုင်ငံအားလုံးပေါင်းထက်ပင် ပိုမိုများပြားကြောင်း ဖော်ပြခဲ့သည်။ သမ္မတ၏ အဆိုအရ အနောက်နိုင်ငံများက ရုရှားကို ပြိုင်ဘက်အဖြစ်မှ ဖယ်ရှားရန် ကြိုးပမ်းခဲ့သော်လည်း ဖိအားအောက်တွင် ရုရှား၏ စီးပွားရေးမှာ ပိုမို ခိုင်မာလာခဲ့သည်။ကိုးကား- RTဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
Mon, 12-မေလ-2025