ဇီလန်စကီးက ပူတင်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအဆိုကို တုံ့ပြန်

News Image

  • ဇီလန်စကီးက ပူတင်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုအဆိုကို တုံ့ပြန်

ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ တိုက်ရိုက်ငြိမ်းချမ်းရေးဆွေးနွေးမှုအဆိုကို တုံ့ပြန်ရာတွင် မည်သည့် ဆွေးနွေးမှု မဆို အပစ်အခတ်အပြည့်အဝရပ်စဲရေး ဦးစွာလိုအပ်ကြောင်း ထပ်လောင်း တောင်းဆိုခဲ့သည်။ သို့သော် မော်စကိုဘက်မှ ဖြေရှင်းချက် လုပ်ငန်းစဉ်သည် ဆွေးနွေးမှုဖြင့်စတင်၍ ထို့နောက်မှသာ အပစ်အခတ်ရပ်စဲရေးသို့ ဦးတည်ရမည်ဟု ဖော်ပြခဲ့သည်။

တနင်္ဂနွေနေ့ (မေ ၁၁) တွင် ပူတင်၏ “ကနဦးသတ်မှတ်ချက်မရှိ” ဟူသော အခြေအနေဖြင့် မေလ ၁၅ ရက်တွင် အစ္စတန်ဘူလ်မြို့၌ ဆွေးနွေးရန် ရုရှားဘက်မှ အဆိုပြုချက်ကို ငြင်းဆန်ခြင်းမရှိကြောင်းနှင့် တူရကီသမ္မတ အာဒိုဂန်၏ အထောက်အကူဖြင့် အစည်းအဝေးဖြစ်မြောက်ရန် မျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ပူတင်၏ အဆိုကို “အဓိပ္ပာယ်ရှိသောဆွေးနွေးမှုများဖြင့် တည်တံ့သောငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်သည့် လေးနက်သောကမ်းလှမ်းချက်” ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဇီလန်စကီးက တယ်လီဂရမ်တွင် ရေးသားရာတွင် “ရုရှားတို့ နောက်ဆုံးတော့ စစ်ပြီးဆုံးရေးကို စဉ်းစားလာခြင်းသည် ကောင်းသည့်လက္ခဏာပါ။ တစ်ကမ္ဘာလုံးက ဒီအချိန်ကို ကြာမြင့်စွာ စောင့်မျှော်နေခဲ့တာပါ။ စစ်တစ်ခုကို အမှန်တကယ်ရပ်တန့်ရန် ပထမဆုံးလုပ်ရမည့်အရာက အပစ်အခတ်ရပ်စဲရေးပါ” ဟု ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “မေလ ၁၂ ရက် ကစပြီး အပြည့်အဝ၊ တည်တံ့ပြီး ယုံကြည်စိတ်ချရသည့် အပစ်အခတ်ရပ်စဲရေးကို ရုရှားက အတည်ပြုမည် ဟု မျှော်လင့်ပါသည်။ ယူကရိန်းဘက်က တွေ့ဆုံရန် အဆင်သင့် ဖြစ်နေပါပြီ” ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂