ပါလက်စတိုင်းနိုင်ငံ ထူထောင်ရန် အမေရိကန်က ခွင့်ပြုဖွယ်ရှိနေ
ဆော်ဒီအာရေဗျတွင် ပြုလုပ်မည့် ပင်လယ်ကွေ့-အမေရိကန် ထိပ်သီး အစည်းအဝေးတွင် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုရန်အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခွင့်ပြုချက်ပေးလိမ့်မည်ဟုအမည်မဖော်လိုသည့် သံတမန်သတင်းရင်းမြစ်များကို ကိုးကားပြီး မီဒီယာအချို့ကဖော်ပြလာပါသည်။
ပါလက်စတိုင်းကို ရုရှားနှင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် အာရှရှိ နိုင်ငံအများစုအပါအဝင် နိုင်ငံပေါင်း ၁၄၇ နိုင်ငံမှ အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် အသိအမှတ်ပြုထားသော်လည်း အနောက်ဥရောပနိုင်ငံ အများစု၊ အစ္စရေးနှင့် အမေရိကန်တို့က ၎င်းအား အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုထားခြင်းမရှိပေ။ ပါလက်စတိုင်းတို့ကို နိုင်ငံတည်ထောင်ခွင့်ပေးလိုက်ခြင်းသည် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းအဖြစ် နိုင်ငံ အများ အပြားက အသိအမှတ်ပြုထားကြပါသည်။
“သမ္မတ Donald Trump က ပါလက်စတိုင်းနိုင်ငံတော်နှင့်ပတ်သက်၍ အမေရိကန်က အသိအမှတ်ပြုကြောင်း ကြေညာချက်ထုတ်ပြန်မည်ဖြစ်ပြီး၊ ဟားမက်အဖွဲ့ မပါဘဲ ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်မည်” ဟု အမည် မဖော်လိုသော ပင်လယ်ကွေ့သံတမန်သတင်းရင်းမြစ်တစ်ခုက ဆိုပါသည်။ အဆိုပါသတင်း ထွက်ပေါ်လာသည့် သတင်းရင်းမြစ်အား ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့ပါသည်။ အဆိုပါ ကြေညာချက်သည် အရှေ့ အလယ်ပိုင်းတွင် အာဏာချိန်ခွင်လျှာကို ပြောင်းလဲစေမည့် အရေးကြီးဆုံးသော ကြေညာချက်ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆက်လက် ပြောပါသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး နိုင်ငံတော်တော်များများ၌ လှုပ်လှုပ်ရှားရှား ဝေဖန်အကြံပြုမှုများက အွန်လိုင်းပေါ်တွင် ညံစီနေပါသည်။ အမေရိကန် နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီးက လုံးဝဖြစ်နိုင်ချေမရှိကြောင်း ငြင်းဆိုထားပါသည်။ အကယ်၍ ထရမ့်က အဆိုပါကြေညာချက်ကို ထုတ်ပြန်လိုက်ပါက အလွန်ကြီးကျယ်သော အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ဖွယ်ရာ ရှိနေပါသည်။ အပြုသဘောဆောင်သည့် ကြေညာချက်ဖြစ်နိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ခန့်မှန်းထားပါသည်။
ဒေါ်နယ်ထရမ့်က ၎င်း၏ ပထမသမ္မတ သက်တမ်းတွင် အစ္စရေးနိုင်ငံ၏ မြို့တော်ကို တဲ့လ်အဗစ်မှ အနောက်ဂျေရုစလင်သို့ ပြောင်းရွှေခွင့်ပြုလိုက်သကဲ့သို့ ယခု အရှေ့ဂျေရုစလင်သည် ပါလက်စတိုင်းမြို့တော် ဖြစ်လာနိုင်ကြောင်းလည်း သုံးသပ်နေကြပါသည်။
ကိုးကား- MNP