ပါကစ္စတန်နိုင်ငံက တောင်အာရှဒေသ အခြေအနေကို လုံခြုံရေးကောင်စီသို့ တရားဝင် အကြောင်းကြားရန် ဆုံးဖြတ်
တောင်အာရှဒေသ၏ နောက်ဆုံးဖြစ်ပွားခဲ့သော အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တရားဝင် အကြောင်းကြားရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ပါကစ္စတန်နိုင်ငံသည် အထူးသဖြင့် အိန္ဒိယ၏ “ကျူးကျော်လာမှုလုပ်ရပ်များ၊ အကြိမ်ကြိမ်အဖန်ဖန် ရန်စမှုများနှင့် လှုံ့ဆော်မှုပြုသော ပြောဆိုချက်များသည် ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မည်သို့သော ဆိုးရွားသည့် ခြိမ်းခြောက်မှုဖြစ်စေကြောင်း”ကို လုံခြုံရေးကောင်စီသို့ အကြောင်းကြားသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် အိန္ဒိယနိုင်ငံက “အိန္ဒုမြစ်ရေမျှဝေသုံးစွဲမှုစာချုပ်ကို တရားမဝင် တစ်ဖက်သတ်ဆိုင်းငံ့ရန် ကြိုးပမ်းမှုလုပ်ရပ်သည် ၎င်း၏ နိုင်ငံတကာတာဝန်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း” ကိုလည်း အကြောင်းကြားသွားမည်ဖြစ်ပြီး အထက်တွင် ဖော်ပြထားသော “စိုးရိမ်ဖွယ်ရာ အခြေအနေများ” ကို ကိုင်တွယ်ဖြေရှင်းနိုင် ရန် လုံခြုံရေးကောင်စီက သင့်လျော်သော အစီအမံများ ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေသစံတော်ချိန် မေ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် အိန္ဒိယစစ်တပ် က ကက်ရှ်မီးယားဒေသရှိ အိန္ဒိယ-ပါကစ္စတန် အမှန်တကယ် ထိန်းချုပ်မှုမျဉ်း ပါကစ္စတန်ဘက်ခြမ်းရှိ ကင်းစခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပါကစ္စတန် စစ်တပ်ကလည်း “အပြည့်အဝတုံ့ပြန်ခဲ့ကြောင်း” ပါကစ္စတန် စစ်တပ်အရာရှိ က မေ ၅ ရက်တွင် ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက်တွင် အိန္ဒိယ ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် ခရီးသွား ဧည့်သည်များကို ဦးတည်သည့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရရှိခဲ့သည်။ ထို့နောက်တွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က တင်းမာသော အစီအမံများ ဆောင်ရွက်ခဲ့ကြပြီး အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။ ပါကစ္စတန်အစိုးရက အိန္ဒိယမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းလမ်းမှ ပြောင်းရွှေ့သယ်ယူခြင်းကို တားမြစ်ကြောင်းနှင့် တတိယနိုင်ငံများမှ အိန္ဒိယသို့ တင်ပို့သော ကုန်ပစ္စည်းများ ပါကစ္စတန်မှတစ်ဆင့် ဖြတ်သန်းခြင်းကိုလည်း တားမြစ်ကြောင်း မေ ၄ ရက်တွင် ကြေညာခဲ့သည်။
ကိုးကား-Xinhua