ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်မှုကြောင့်အိန္ဒိယဘက်က သင့်လျော်သလိုတုံ့ပြန်ရဟု ဆို
နယူးဒေလီ၊ စစ်ရေး
အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က မေလ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် မကြာမီမှာပင် ပါကစ္စတန်ဘက်က ထိုသဘောတူညီချက်ကိုချိုးဖောက်မှုကြောင့် အိန္ဒိယဘက်က သင့်လျော်သလိုတုံ့ပြန်လိုက်ရခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။
ထို့ပြင် ပါကစ္စတန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုနှင့်ပတ်သက်၍ သင့်လျော်သလိုကိုင်တွယ် ဖြေရှင်းရန် တောင်းဆိုကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူကပြောသည်။
အဆိုပါနှစ်နိုင်ငံကြားတွင် အမေရိကန် အစိုးရကကြားဝင်ဖျန်ဖြေပေးလိုက်သည့်အတွက် အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုသဘောတူညီချက်မှာ မေလ ၁၀ ရက် ညနေ ၅ နာရီတွင် စတင်အသက်ဝင်ခြင်းဖြစ်သည်။
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မေလ ၇ ရက်တွင် ဆင်းဒူးစစ်ဆင်ရေးကို စတင်ကြောင်း ကြေညာကာ ပါကစ္စတန် နိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများ၏ ပစ်မှတ်များကို တိုက်ခိုက်မှုများလုပ်ဆောင်သည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်သမား ၇၀ သေဆုံးကြောင်း၊ ပါကစ္စတန်၏ စစ်ရေးပစ်မှတ်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိကြောင်းအိန္ဒိယအစိုးရကထုတ်ပြန်ထားသည်။
သို့သော် အိန္ဒိယ၏တိုက်ခိုက်မှုများကို ပါကစ္စတန်ကလက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်လာသည့်အတွက် နှစ်နိုင်ငံကြားတင်းမာမှုမြင့်တက်လာခြင်းဖြစ်သည်။
Ref: Sputnik
Source: https://myawady.net.mm/