အမေရိကန်ရေတပ်သည် ပင်လယ်နီတွင် တိုက်လေယာဉ်တစ်စီး ထပ်မံ ဆုံးရှုံး

News Image

  • အမေရိကန်ရေတပ်သည် ပင်လယ်နီတွင် တိုက်လေယာဉ်တစ်စီး ထပ်မံ ဆုံးရှုံး

အမေရိကန်ရေတပ်သည် ယီမင်ရှိ ဟူသီသောင်းကျန်းသူများကို တိုက်ခိုက်ရန် စစ်ဆင်ရေးများ တိုးချဲ့ခဲ့ပြီးနောက် F/A-18 Super Hornet တိုက်လေယာဉ်တစ်စီး ထပ်မံဆုံးရှုံးရကြောင်းသိရှိရသည်။ ယခု ဆုံးရှုံးမှု သည် USS Harry S. Truman သင်္ဘောမှ လွန်ခဲ့သော တစ်ပတ်အတွင်း ဖြစ်ပွားခဲ့သည့် ဒုတိယမြောက် ဖြစ်ရပ်ဖြစ်ပြီး ယီမင်စစ်ဆင်ရေးများ စတင်ကတည်းက တတိယမြောက် ဆုံးရှုံးမှုလည်း ဖြစ်သည်။

အဆိုပါလေယာဉ်သည် သင်္ဘောပေါ်သို့ ဆင်းသက်ရန် ကြိုးစားစဉ် အရေးပေါ်ဆင်းသက်မှုစနစ် ချို့ယွင်းမှုကြောင့် ပင်လယ်ထဲသို့ ကျဆင်းသွားခဲ့ပြီး လေယာဉ်မှူးနှင့် လက်နက်စနစ်အရာရှိတို့သည် အရေးပေါ် ခုန်ထွက်ခဲ့ရသည်ဟု CNN သတင်းဌာနက အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက “အရေးပေါ် ဆင်းသက်မှုစနစ် ချို့ယွင်းမှုကြောင့် လေယာဉ်သည် ပင်လယ်ထဲသို့ ကျရောက်သွားခဲ့ပြီး လေယာဉ်မှူးနှစ်ဦးစလုံး ဘေးကင်းစွာ ခုန်ထွက်နိုင်ခဲ့ကာ Helicopter Sea Combat Squadron 11 မှ ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ကြောင်း၊ ၎င်းတို့အား ဆေးစစ်ပြီးနောက် အနည်းငယ်သာ ဒဏ်ရာရကြောင်း အတည်ပြုနိုင်ခဲ့ပြီး လေယာဉ်ပြေးလမ်းပေါ်ရှိ အခြားဝန်ထမ်းများ ထိခိုက်မှုမရှိပါ” ဟု USNI News သို့ ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂