ပါကစ္စတန်ကို တိုက်ခိုက်ခဲ့သည့် Operation Sindoor စစ်ဆင်ရေးအတွင်း အိန္ဒိယစစ်တပ်က အသုံးပြုခဲ့သည့် လက်နက်များ

News Image

  • ပါကစ္စတန်ကို တိုက်ခိုက်ခဲ့သည့် Operation Sindoor စစ်ဆင်ရေးအတွင်း အိန္ဒိယစစ်တပ်က အသုံးပြုခဲ့သည့် လက်နက်များ

မေ ၇ ရက် နံနက်အစောပိုင်းက ပါကစ္စတန်ကို အိန္ဒိယက တိုက်ခိုက် ခဲ့သည့် Operation Sindoor စစ်ဆင်ရေးအတွင်း အိန္ဒိယစစ်တပ်သည် ပစ်မှတ်တိကျပြီး တာဝေးပစ်ခတ်နိုင်သည့် လက်နက်များကို အသုံးပြုခဲ့ကြောင်း NDTV သတင်းတွင် ဖော်ပြခဲ့သည်။

ထိုလက်နက်များအတွင်း SCALP ခရုဇ်ဒုံးကျည်များ၊ ပစ်မှတ်တိကျသည့် HAMMER ဗုံးများနှင့် အသေခံဒရုန်းများ ပါဝင်ခဲ့သည်။

Storm Shadow ဟု လူသိများသည့် SCALP ဒုံးကျည်သည် လေယာဉ်ဖြင့် ပစ်ခတ်သည့် ခရုဇ်ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၂၅၀ အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်ကာ အလွန်ကွာဝေးသည့် ပစ်မှတ်များကို တိုက်ခိုက်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ဒုံးကျည်ဖြစ်သည်။

HAMMER (Highly Agile Modular Munition Extended Range) အမည်ရှိ ဗုံးကို ခံတပ်အခိုင်အမာတည်ဆောက်ထားသည့် ဘန်ကာများ၊ LeT နှင့် Jaish-e-Mohammed (JeM) အဖွဲ့များ၏ လေ့ကျင့်ရေးနှင့် ထောက်ပို့စင်တာများအဖြစ် အသုံးပြုနေသည့် အထပ်မြင့် အဆောက်အအုံ များကဲ့သို့ အလွန်ခိုင်မာသည့် အခြေခံအဆောက်အအုံများကို တိုက်ခိုက်ရာ တွင် အသုံးပြုသည့် စမတ်ဗုံးအမျိုးအစားဖြစ်သည်။

HAMMER ဗုံးသည် ပစ်မှတ်တိကျသည့် လမ်းညွှန်စနစ်နှင့်အတူ ကီလိုမီတာ ၅၀ မှ ၇၀ အကွာအဝေးအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်သည်။

kamikaze drone များဟု လူသိများသည့် အသေခံဒရုန်းများကိုမူ ထောက်လှမ်းရေး၊ ပစ်မှတ်ရှာဖွေရေးနှင့် တိုက်ခိုက်ရေးမစ်ရှင်များအတွက် အသုံးပြုခဲ့ပြီး ထိုဒရုန်းများသည် ပစ်မှတ်ကို ဝင်တိုက်ပြီး ဖောက်ခွဲသည့် ဒရုန်းအမျိုးအစားဖြစ်သည်။

တိုက်ခိုက်ခဲ့သည့် ပစ်မှတ်များ

အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘဟာဝယ်ပူရ မြို့ရှိ Jaish-e-Mohammed (JeM) လက်နက်ကိုင်အဖွဲ့၏ စစ်ဆင်ရေး ဌာနချုပ်များ၊ မူရစ်ကီမြို့ရှိ Lashkar-e-Taiba (LeT) အဖွဲ့၏ ဧက ၂၀၀ ကျယ်ဝန်းသည့် ခြံဝန်း၊ ကော့တ်လီမြို့ရှိ JeM အဖွဲ့၏ စခန်း၊ မူဇာဖရာဘက် မြို့ရှိ JeM နှင့် LeT အဖွဲ့တို့၏ စခန်းများ၊ ဘာနာလာမြို့ရှိ LeT အဖွဲ့၏ ထောက်ပို့စခန်း၊ တာရာ ကာလန်မြို့ရှိ JeM အဖွဲ့၏ တပ်သားသစ် စုဆောင်းရေးစခန်းနှင့် ဆိုင်အယ်ကော့မြို့ရှိ  Hizbul Mujahideen (HM) အဖွဲ့၏ လေ့ကျင့်ရေးစင်တာတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

ကိုးကား- Eleven Media Group