ယခုသီတင်းပတ်အတွင်း ကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုများ ပြုလုပ်ရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး မျှော်လင့်
ဂျပန်နိုင်ငံအပါအဝင် အမေရိကန်၏ အဓိကကုန်သွယ်ဖက်နိုင်ငံများသည် အမေရိကန် နိုင်ငံနှင့် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်နေပြီး ယခုသီတင်းပတ်အတွင်း သဘောတူညီမှုများ ပြုလုပ်ရန် မျှော်လင့် ထားကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က မေလ ၆ ရက်နေ့တွင် ပြောကြားခဲ့သည်။
အမေရိကန်သည် ၎င်း၏ အရေးပါဆုံး ကုန်သွယ်ဖက်နိုင်ငံ ၁၈ နိုင်ငံ အနက် ၁၇ နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီး အထူးသဖြင့် ဂျပန်နှင့် တောင်ကိုရီးယားတို့က တက်ကြွစွာ ပါဝင်ဆွေးနွေးနေလျက်ရှိကြောင်း၊ အကောက်ခွန်များ၊ အကောက်ခွန်မဟုတ်သော စီမံဆောင်ရွက်မှုများ၊ ငွေကြေးမတည်မငြိမ်ဖြစ်ခြင်းနှင့် အစိုးရအထောက်အပံ့များအား သိသိ သာသာ လျှော့ချနိုင်မည်ဟု မျှော်လင့်ထားပြီး ယခုနှစ်ကုန်တွင် ၎င်း၏ အဓိက ကုန်သွယ်ဖက်နိုင်ငံအများစုနှင့် သဘောတူညီချက်ရရှိမည်ဟု ခန့်မှန်းကြောင်း Bessent က ပြောကြားခဲ့သည်။
လက်ရှိတွင် တရုတ်နှင့် တိုက်ရိုက်ဆွေးနွေးမှုများ မစတင်သေးသော်လည်း အမေရိကန်-တရုတ် ပထမဆုံးကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲကို ယခု သီတင်းပတ်အတွင်း ဆွစ်ဇာလန်တွင် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး Bessent နှင့် United States Trade Representative Jamieson Greer တို့သည် တရုတ်နိုင်ငံ အကြီးအကဲများနှင့် တွေ့ဆုံမည်ဖြစ်ပြီး စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။
ကိုးကား-NHK World
Photo: AOL.com
ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃