အိန္ဒိယဒရုန်း ၂၅ စင်း ပစ်ချနိုင်ခဲ့ပြီး ပါကစ္စတန်ဘက်တွင် သေဆုံးဒဏ်ရာ ရသူများရှိကြောင်း ပါကစ္စတန်စစ်တပ် ပြောကြား
အိန္ဒိယမှလာသော ဒရုန်းများသည် ပါကစ္စတန်ပြည်တွင်းသို့ စဉ်ဆက်မပြတ် ကျူးကျော်ဝင်ရောက်လာခဲ့ရာ ပါကစ္စတန်ဘက်က ၂၅ စင်း ပစ်ချခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါဖြစ်ရပ်ကြောင့် အနည်းဆုံး အရပ်သား ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာနက မေ ၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယဒရုန်းများသည် မေ ၈ ရက် နံနက်အစောပိုင်းမှစ၍ ပါကစ္စတန် နိုင်ငံအတွင်းသို့ စဉ်ဆက်မပြတ် ကျူးကျော်ဝင်ရောက်လာခဲ့ရာ ပါကစ္စတန် နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးလ်၊ Rawalpindi စသည့် ဒေသများနှင့် တောင်ပိုင်း Sindh ပြည်နယ် မြို့တော် ကရာချိ စသည့် နေရာ များတွင် အိန္ဒိယဒရုန်း ၁၂ စင်းကို ပစ်ချခဲ့ကြောင်း၊ ပါကစ္စတန်သို့ ကျူးကျော်လာသော အခြား ဒရုန်းတစ်စင်းသည် ပန်ဂျပ်ပြည်နယ်ရှိ ပါကစ္စတန် စစ်ရေးပစ်မှတ်ကို ထိမှန်ခဲ့ရာ အနည်းဆုံး တပ်သား ၄ ဦးဒဏ်ရာရခဲ့ပြီး စစ်ဘက်ဆိုင်ရာအဆောက်အအုံ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ Sindh ပြည်နယ် မီရာနိုဒေသတွင်လည်း ဒရုန်းကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါကစ္စတန် တပ်မတော်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူးချုပ် Ahmed Sharif Chaudhry က အဆိုပါနေ့တွင် ပါကစ္စတန် စစ်ဌာနချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။
လက်ရှိတွင် အိန္ဒိယမှဒရုန်းများ ပါကစ္စတန်လေပိုင်နက်တွင် စဉ်ဆက် မပြတ် ကျူးကျော်ဝင်ရောက်လျက်ရှိရာ ပါကစ္စတန်စစ်တပ်က ယခုအခါ “အမြင့်ဆုံးတပ်လှန့်သည့်အနေအထား” တွင် ရှိကြောင်း Chaudhry က ပြောကြားခဲ့သည်။ အိန္ဒိယစစ်တပ်၏ မေ ၇ ရက်တွင် ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများကြောင့် ပါကစ္စတန်ဘက်တွင် ၃၁ ဦးသေဆုံး၍ ၅၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
လာဟိုးလ်ဒေသ နေရာအများအပြားတွင် ပေါက်ကွဲသံများကြားခဲ့ရပြီး လေ့လာမှုအရ ထိုပေါက်ကွဲသံများမှာ အိန္ဒိယမှဒရုန်းများ ကျူးကျော် ဝင်ရောက်လာပြီးနောက် ပါကစ္စတန်စစ်တပ်ဘက်က ပစ်ချမှုမှလာခြင်း၊ သို့မဟုတ် စစ်ရေးပစ်မှတ်ကို ထိမှန်ပြီးနောက် ထွက်ပေါ်လာသော ကျယ်လောင်သည့်အသံမှ လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံ မျက်မြင်သက်သေတစ်ဦးက မေ ၈ ရက် နံနက်အစောပိုင်းတွင် ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
လုံခြုံရေးအရ မြို့တော် အစ္စလာမ်မာဘတ်နှင့် လာဟိုးလ်၊ ကရာချိ၊ ဆိုင်ရယ်လ်ကော့တ်ရှိ လေဆိပ်များကို ဒေသစံတော်ချိန် မေ ၈ ရက် ည ၆ နာရီအထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပါကစ္စတန်မြို့ပြလေကြောင်း အာဏာပိုင်က မေ ၈ ရက် နံနက်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကိုးကား- Xinhua