အိန္ဒိယ-ပါကစ္စတန် တင်းမာမှုကြောင့် မြောက်ပင်လယ်ရေလမ်းကြောင်း အပေါ် စိတ်ဝင်စားမှုတိုးစေမည်ဟု ရုရှားကျွမ်းကျင်သူပြောကြား
အိန္ဒိယနှင့်ပါကစ္စတန်ကြား စစ်ရေးတင်းမာမှုများ တိုးလာခြင်းမှာ အိန္ဒိယသမုဒ္ဒရာရှိ ရေကြောင်းလမ်းများ၏ ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်လာစေသဖြင့် အခြားနိုင်ငံများက မြောက်ပင်လယ်လမ်းကြောင်း (Northern Sea Route) အပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာစေမည်ဟု ရုရှား၏ Arctic Development Project Office မှ ကျွမ်းကျင်သူ Alexander Vorotnikov က TASS သတင်းဌာနသို့ ပြောကြားလိုက်ပါ သည်။
အိန္ဒိယသည် မေလ ၇ ရက်တွင် Operation Sindoor အမည်ဖြင့် ပါကစ္စတန်အတွင်းရှိ အကြမ်းဖက်အခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့ပြီး ပါကစ္စတန်ကလည်း ၎င်း၏လေကြောင်းကို ၄၈ နာရီပိတ်ကာ တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။
ထိုပဋိပက္ခကြောင့် မြောက်ပင်လယ် ရေလမ်းကြောင်းသည် ပိုမိုဘေးကင်းသော လမ်းကြောင်းအဖြစ် ရွေးချယ်စရာဖြစ်လာပါသည်။ အထူးသဖြင့် ရုရှားနှင့် မိတ်ဖက်ဖြစ်သော အာရှနိုင်ငံများစွာတို့က ထိုလမ်းကြောင်းကို ပိုမိုအသုံးပြုလာကြမည်ဖြစ်ပါသည်။
ပဋိပက္ခ ဆက်လက်ကြီးထွားပါက အဆိုပါရေလမ်းကြောင်းကို အသုံးပြုမည့် နိုင်ငံများ ပိုမိုများပြားလာမည် ဟု Vorotnikov က ရှင်းပြခဲ့သည်။
မြောက်ပင်လယ် ရေလမ်းကြောင်းသည် ရုရှား၏ ဥရောပအပိုင်းနှင့် အရှေ့ဖျားဒေသကို ဆက်သွယ်ပေးသည့် အတိုဆုံးရေကြောင်းလမ်းဖြစ်ပြီး အာတိတ် ဒေသတွင် အဓိကအသုံးပြုသော ရေကြောင်းလမ်းဖြစ်သည်။ ၎င်း၏ အရှည်မှာ ၅,၆၀၀ ကီလိုမီတာ ရှိပြီး Kara Strait မှ Providence Bay အထိ ဖြတ်သန်းသွားလာနိုင်ပါသည်။
ကိုးကား- TASS
Photo: East Post
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃