သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေး ပိုမို အဆင့်အတန်း မြင့်မားစွာ တိုးတက်လာစေရန် တွန်းအားပေးဟု ရုရှားနိုင်ငံမှ လူပုဂ္ဂိုလ် များဆို

News Image

  • သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်က နှစ်နိုင်ငံဆက်ဆံရေး ပိုမို အဆင့်အတန်း မြင့်မားစွာ တိုးတက်လာစေရန် တွန်းအားပေးဟု ရုရှားနိုင်ငံမှ လူပုဂ္ဂိုလ် များဆို

ရုရှားနိုင်ငံ သမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်သည် မေ ၇ ရက်မှ ၁၀ ရက် အထိ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ပြီး မော်စကိုမြို့၌ ကျင်းပမည့် ဆိုဗီယက် ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်သွားမည်ဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင်၏ ယခုအကြိမ်ခရီးစဉ်သည် လေးနက်သော အနက်အဓိပ္ပာယ်ရှိပြီး နှစ်နိုင်ငံ၏ မြင့်မားသော အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်ထောက်ခံအားပေးမှုကို ပေါ်လွင်စေကာ ရုရှား-တရုတ်ဆက်ဆံရေးကို ပိုမိုအဆင့်အတန်းမြင့်မားစွာ တိုးတက်လာစေရန် တွန်းအားပေးလိမ့်မည်ဟု ရုရှားနိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များက ယူဆကြသည်။

သမ္မတ ရှီကျင့်ဖျင် ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်၍ ဆိုဗီယက်ပြည်ထောင်စု၏ မဟာမျိုးချစ် စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနား တက်ရောက်ခြင်းသည် “အလွန် မြင့်မြတ်သော သမိုင်း အနက်အဓိပ္ပာယ်ရှိ”ကြောင်း ရုရှားဖက်ဒရေးရှင်းကောင်စီ (အထက်လွှတ်တော်) ဥက္ကဋ္ဌ Valentina Matviyenko က ဆိုသည်ဟု TASS သတင်းဌာနက မေ ၇ ရက်တွင် သတင်းဖော်ပြထားသည်။

အချို့သောနိုင်ငံများသည် ဖက်ဆစ်ဝါဒနှင့် စစ်ဝါဒအား ချေမှုန်းခဲ့သည့် သမိုင်းအတိတ်အမှတ်တရများကို ပုံဖျက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ရုရှားနှင့် တရုတ်သည် ထိုသို့ ကြိုးပမ်းမှုများကို အတိအလင်း အတူတကွ ဆန့်ကျင်ကြပြီး နောင်လာနောက်သားများအတွက် သမိုင်းဖြစ်ရပ်မှန် ချန်ရစ်ထားနိုင်ရန် အဆုံးအဖြတ် ပေးနိုင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း Valentina Matviyenko က ပြောကြားခဲ့သည်။

ရုရှား-တရုတ်ဆက်ဆံရေးသည် သမိုင်းတွင် အကောင်းအဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးသည် နိုင်ငံကြီးဆက်ဆံရေး၏ “စစ်မှန်သောစံနမူနာ” ဖြစ်သည်ဟု နှစ်ဖက်လုံးက ယူဆကြကြောင်း ရုရှားနိုင်ငံသမ္မတလက်ထောက် Yuri Ushakov က မေ ၆ ရက်တွင် RIA Novosti ၊ TASS စသည့် ရုရှားနိုင်ငံ ပင်မမီဒီယာများကို ပြောကြားခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်၏ ယခုအကြိမ် ခရီးစဉ်သည် အနက်အဓိပ္ပာယ် ကြီးမားလှကြောင်း၊ “အပြန်အလှန် အပြည့်အဝ ယုံကြည်မှု၊ တန်းတူညီမျှဖြစ်၍ အပြန်အလှန် အကျိုး ဖြစ်ထွန်းမှု၊ မည်သည့်တတိယဘက်ကိုမျှ ဦးတည်ခြင်းမရှိမှု” ဟူသော ရုရှား-တရုတ်ဆက်ဆံရေး ဆက်လက် ရှေ့သို့ တိုးတက်လာရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖျင်သည် ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်၍ ဆိုဗီယက် ပြည်ထောင်စု၏ မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ခြင်းသည် “လက်ရှိ ရုရှား-တရုတ်ဆက်ဆံရေး၏ တစ်ခါမျှမရှိခဲ့ဖူးသည့် လွန်စွာ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် အပြန်အလှန်ထောက်ခံအားပေးမှုကို ထပ်မံသက်သေထူနေပါသည်” ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Maria Zakharova က မေ ၆ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။

ရုရှား-တရုတ်ဆက်ဆံရေးသည် “စစ်မှန်သော ဘက်စုံရှိရာ အပြုသဘောဆောင်သည့် အနှစ်သာရ အသစ်များ အဆက်မပြတ် ဖြည့်တင်းနေကာ နှစ်နိုင်ငံပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီသလို နှစ်နိုင်ငံ ပြည်သူများ၏ အစွမ်းကုန် ထောက်ခံအားပေးမှုကို ရရှိထားပါသည်” ဟု Maria Zakharova က ဆိုသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ လမ်းညွှန်ဦးဆောင်မှုအောက်တွင် ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မတူညီသော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးပလက်ဖောင်းနှင့် အခမ်းအနားများတွင် ရုရှားနှင့် တရုတ်နိုင်ငံ တို့က နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိပြီး ကုလသမဂ္ဂကို ဗဟိုပြုခြင်းအား ခိုင်မာစွာကိုင်စွဲ၍ စစ်မှန်သည့် တန်းတူညီမျှသော၊ တရားမျှတမှုရှိသော ဗဟုဝင်ရိုးအသွင် ကမ္ဘာ့စည်းစနစ် တည်ဆောက်ရေးအား တွန်းအားပေးလျက် ရှိကြောင်းလည်း Maria Zakharova က ပြောကြားခဲ့သည်။

ရုရှား-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် ကောင်းမွန်သောအလားအလာကို ဆက်လက်ထိန်းသိမ်း ထား၍ ကမ္ဘာ့အတိုင်းအတာအတွင်း နိုင်ငံကြီးများက ကဏ္ဍစုံတွင် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်း ဆောင်ရွက်မှုဖော်ဆောင်သည့် စံနမူနာကို တည်ဆောက်သွားမည်ဟု ယုံကြည်ကြောင်း ရုရှားသိပ္ပံ အကယ်ဒမီ တရုတ်နှင့် ယနေ့ခေတ်အာရှ သုတေသနဌာန ဌာနမှူး Kirill Babaev က မကြာသေးမီက ဆင်ဟွာ သတင်းထောက် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။

ရုရှား-တရုတ် နှစ်နိုင်ငံအကြား နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုအဆင့်၊ နှစ်နိုင်ငံတည်ဆောက်ထားသော ရင်းနှီးသည့်ဆက်သွယ်မှုနှင့် နက်ရှိုင်းသော နားလည်မှုတို့သည် ကမ္ဘာ့နိုင်ငံကြီးဆက်ဆံရေးတွင် ပြိုင်စံရှားပင် ဖြစ်ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ ကမ္ဘာ့စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေး သုတေသနဌာန ဒုတိယ ဌာနမှူး Alexander Romanov က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။

ကိုးကား- ဆင်ဟွာ