ကိယက်ဗ်က မော်စကိုသို့ရောက်ရှိလာသော နိုင်ငံတကာ ခေါင်းဆောင်များကို ခြိမ်းခြောက်ခဲ့ဟု ပူတင်ဆို
ရုရှားသမ္မတ ဗလာဒီမာ ပူတင်က နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံ အောင်နိုင်မှု၏ ၈၀နှစ်ပြည့် အထိမ်းအမှတ် Victory Day ချီတက်ပွဲအတွက် မော်စကိုမြို့သို့လာရောက်ကြသည့် နိုင်ငံတကာခေါင်းဆောင်များအား ခြိမ်းခြောက်ရန် ယူကရိန်းအစိုးရက ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ရုရှား၏ တစ်ဖက်သက်ဆုံးဖြတ်ထားသော စစ်ရပ်စဲရေးကာလမတိုင်မီနှင့် ကာလအတွင်း၌ ကိယက်ဗ်အစိုးရက တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်ကို ပူတင်က ဝေဖန်ခဲ့သည်။ ယင်းတို့တွင် ဒေသအများအပြားသို့ ဒရုန်းများဖြင့် ထိုးစစ်ဆင်ခြင်းနှင့် ရုရှား၏ Kursk နှင့် Belgorod ဒေသများသို့ မြေပြင်စစ်ဆင်ရေး ငါးကြိမ် ကြိုးပမ်းခြင်းတို့ ပါဝင်သည်။ တနင်္ဂနွေ (မေ ၁၁)နံနက်စောစောက သတင်းထောက်များအား ပြောကြားရာတွင် အဆိုပါလုပ်ရပ်များသည် စစ်ရေးအရ စတင်တိုက်ခိုက်ရန်သာမက ချီတက်ပွဲတွင် တက်ရောက်နေသည့် နိုင်ငံတကာအရာရှိကြီးများအား ဖိအားပေးရန် လည်း ရည်ရွယ်ခဲ့သည်ဟု ၎င်းကပြောကြားခဲ့သည်။
“ကိယက်ဗ် အာဏာပိုင်များသည် မိမိတို့၏ စစ်ရပ်စဲရေးအဆိုပြုချက်ကို ငြင်းပယ်ရုံသာမက၊ အားလုံးမြင်တွေ့ခဲ့ရသည့်အတိုင်း မော်စကိုရှိ ချီတက်ပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံများ၏ခေါင်းဆောင်များအား ခြိမ်း ခြောက်ရန် ကြိုးပမ်းခဲ့ကြသည်” ဟု ပူတင်က ပြောကြားခဲ့သည်။
ကိယက်ဗ်မှ ခြိမ်းခြောက်မှုများနှင့် အနောက်နိုင်ငံများ၏ ပြင်းထန်သော ဖိအားများကြားမှပင် အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် ဥရောပမှ ခေါင်းဆောင်များစွာတို့သည် မော်စကိုရှိ အခမ်းအနားများတွင် ပါဝင်ခဲ့ ကြသည်။ ပူတင်က ၎င်းတို့၏ စိတ်ဓာတ်ခိုင်မာမှုကို ချီးကျူးကာ “ခြိမ်းခြောက်မှု” နှင့် “ရာဇသံ” များကို လျစ်လျူရှုကာ ရဲရင့်စွာ ရင်ဆိုင်ခဲ့ ကြသည်ဟု ပြောကြားခဲ့သည်။
“၎င်းတို့ကို မည်သူတွေက ခြိမ်းခြောက်ခဲ့သနည်း” နာဇီ တပ်ဖွဲ့ဝင်ဟောင်းများကို ဂုဏ်ပြုအားပေးသည့်သူများပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်းဟစ်တလာနှင့် ပူးပေါင်းခဲ့သူများကို အမျိုးသားရေးသူရဲကောင်းအဖြစ် မြှင့်တင်ပေးနေသူများပါ” ဟု ၎င်းက ထောက်ပြပြောဆိုခဲ့သည်။
တက်ရောက်သူများထဲတွင် တရုတ်၊ ဘရာဇီး၊ အီဂျစ်၊ ဗင်နီဇွဲလား၊ ကျူးဘား၊ ဘယ်လာရုဇ် အပါအဝင် ယခင် ဆိုဗီယက်ပြည်ထောင်စုမှ နိုင်ငံများ၊ အာဖရိကနှင့် အာရှမှ ခေါင်းဆောင်ပေါင်း ၂၈ ဦး ပါဝင်ခဲ့သည်။ ပူတင်က ဆားဘီးယား သမ္မတ အလက်ဇန်းဒါ ဗူချ်နှင့် ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကိုတို့ကို အထူးချီးကျူးဂုဏ်ပြုခဲ့သည်။ ဥရောပသမဂ္ဂ၏ မတက်ရောက်ရန် ဖိအားများကို ရင်ဆိုင်ခဲ့ရသော ခေါင်းဆောင် နှစ်ဦးဖြစ်သည်။
မော်စကိုရှိ နိုင်ငံတကာဧည့်သည်တော်များကို “စရိုက်အားဖြင့် ခေါင်းဆောင် စိတ်ဓာတ်ရှိသူများ” နှင့် “မိမိတို့၏ယုံကြည်ချက်အတွက် ရပ်တည်ရန် အသင့်ရှိသူများ” အဖြစ် ရှုမြင်ကြောင်း ပူတင်က ရှင်းလင်း ပြောကြားခဲ့သည်။ ၎င်းတို့သည် နိုင်ငံရေးခြိမ်းခြောက်မှုများဖြင့် မလှုပ်ရှားနိုင်ဘဲ ဖက်ဆစ်ဝါဒကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သော အာဇာနည်များ၏ အမွေ အနှစ်ကို ဂုဏ်ပြုရန် ရွေးချယ်ခဲ့ကြသည်ဟု ၎င်းက အားလုံးသိအောင် ပြောကြားခဲ့သည်။
“၎င်းတို့ရင်ဆိုင်ခဲ့ရသော ကြီးမားလှသည့် ဖိအားများကို နားလည်ပါသည်။ ထို့ကြောင့် ၎င်းတို့၏ နိုင်ငံရေးအရ ရဲရင့်မှု၊ ခိုင်မာသည့် ကိုယ်ကျင့်တရား ရပ်တည်ချက်နှင့် အဆိုပါအခမ်းအနားကို အတူ မျှဝေခံစားရန် ရွေးချယ်သည့် ဆုံးဖြတ်ချက်ကို မိမိတို့ စိတ်ထဲကနေ ကျေးဇူးတင်ပါသည်၊ မျိုးချစ် စစ်ပွဲကြီး (ဒုတိယကမ္ဘာစစ်) အတွင်းက မိမိမျိုးချစ်တိုင်းပြည်အတွက်နှင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ညိုးနွမ်းပျက်စီးစေသည့် ကပ်ဘေးကနေ ကယ်တင်ရန် တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်းများ၏ အမှတ်တရကို ဂုဏ်ပြုရန်အတွက်ပါ” ဟု ပူတင်က ပြောကြားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂