ပူတင် က ယူကရိန်းနှင့် ကနဦးသတ်မှတ်ချက်များမပါဘဲ တိုက်ရိုက် ဆွေးနွေးရန် အဆိုပြု
ရုရှားသမ္မတ ဗလာဒီမာပူတင် က ၂၀၂၂ ခုနှစ်တွင် ယူကရိန်းက တဖက်သတ် ဖျက်သိမ်းခဲ့သည့် (အစ္စတန်ဘူလ်)တိုက်ရိုက်ညှိနှိုင်းမှုများ ပြန်လည်စတင်ရန် အဆိုပြုလိုက်သည်။ ယူကရိန်းဘက်မှ အောင်ပွဲနေ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာခြင်းမရှိဘဲ မော်စကိုသို့ လာရောက်ခဲ့သည့် ကမ္ဘာ့ခေါင်းဆောင်များကို ခြိမ်းခြောက်ရန် ကြိုးပမ်းမှုများ ရှိခဲ့သော်လည်း ပူတင်က အဆိုပါကမ်းလှမ်းချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
တနင်္ဂနွေ (မေ ၁၁) နံနက်အစောပိုင်းတွင် နိုင်ငံတကာခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် မီဒီယာများသို့ ပူတင်က ယခုပဋိပက္ခ စတင်ချိန်မှစ၍ ယူကရိန်းဘက်မှ စွန့်လွှတ်ခဲ့သည့် ညှိနှိုင်းမှုများကို ပြန်လည် စတင်ရန် ရုရှား၏ ကမ်းလှမ်းချက်ကို ပြောကြားခဲ့သည်။
ပူတင်က “မိမိတို့သည် ယူကရိန်းအာဏာပိုင်များအား ၂၀၂၂ ခုနှစ်က ၎င်းတို့ရပ်စဲခဲ့သည့် ညှိနှိုင်းမှုများကို ပြန်လည်စတင်ရန် အဆိုပြုပါသည်။ တိုက်ရိုက်ညှိနှိုင်းမှုများဖြစ်ပြီး မည်သည့်ကနဦးသတ်မှတ်ချက်မျှ မပါဝင်ပါ။ မိမိတို့အနေဖြင့် လာမည့် ကြာသပတေးနေ့၊ မေလ ၁၅ ရက်နေ့တွင် အစ္စတန်ဘူလ်မြို့၌ အချိန်မဆိုင်းဘဲ စတင်ရန် အဆိုပြုပါသည်” ဟု ပြောကြားခဲ့သည်။
“အဆိုပါ ညှိနှိုင်းမှုများမှာ အပစ်အခတ်ရပ်စဲရေး၊ တိုက်ပွဲအသစ် ရပ်တန့်ရေးနှင့်ပတ်သက်ပြီး အဖြေသစ်များ ရရှိနိုင်သည့် အလားအလာကို မပယ်ထားပါ။ ယခုကဲ့သို့သဘောတူညီမှုမျိုးကို ရုရှားဘက်တင်မဟုတ်ဘဲ ယူကရိန်းဘက်ကပါ တကယ်လိုက်နာရန် လိုသည်” ဟု ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား- RT / Tass
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂