ဒီပဲယင်းမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ နေကြာ ဧက ၅၀၀၀ ကျော် စိုက်ပျိုးမည်
ရေဦး မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၅၀၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒီပဲယင်းမြို့နယ်တွင် နေကြာ ၅၁၆၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုလက်ရှိ နေကြာစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေများ ထွန်ယက်လျက်ရှိကြောင်း သိရသည်။
“ဒီနှစ် ဒီပဲယင်းမြို့နယ် မိုးသီနှံစိုက်ပျိုးရာသီမှာ နေကြာ ဧက ၅၀၀၀ ကျော် စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်ပေးသွားမယ်။ ပြည်ပကနေတင်သွင်းတဲ့ စားအုန်းဆီကို လျှော့ချနိုင်ဖို့အတွက် ဆီထွက်သီးနှံဖြစ်တဲ့နေကြာကို တိုးချဲ့စိုက်ပျိုးဖို့ ဆောင်ရွက်ပေးသွားမယ်။ ဆီထွက်သီးနှံဖြစ်တဲ့ နေကြာဟာ တစ်ဧက ဆီထွက်ရှိမှုက ကျန်တဲ့ မြေပဲ၊ နှမ်းတွေထက်များတယ်” ဟု ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြသည်။
ယခုနှစ် ဒီပဲယင်းမြို့နယ်တွင် နေကြာစိုက်တောင်သူများကို မျိုးစေ့များပံ့ပိုးပေးနိုင်ရေး၊ ယူရီးယားဓာတ်မြေဩဇာများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးစီမံထားခြင်း၊ ထွက်ရှိလာသော နေကြာမျိုးများကို တောင်သူမှ တောင်သူဖလှယ်သည့် နည်းစနစ်များဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေကြာကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေးကြိုးပမ်းကြရမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြ၍ သိရသည်။
Source: ရတနာပုံသတင်းစာ