ယူအေအီးထံ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများရောင်းချရန် အမေရိကန်ခွင့်ပြု
ယူအေအီးနိုင်ငံကို အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာလေယာဉ်များနှင့် စက်ပစ္စည်းကိရိယာများရောင်းချရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်သည်ဟု အမေရိကန်အရာရှိ တစ်ဦးက ပြောကြားခဲ့ပါသည်။
ယူအေအီးနိုင်ငံကို ရောင်းချရန်ခွင့်ပြုခဲ့သည့် ပစ္စည်းများထဲတွင် အမေရိကန်၏နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးကို ပံ့ပိုးပေးမှုများ လုပ်ဆောင်ပေးမည့် အမေရိကန်ဒေါ်လာ(၁.၃၂)ဘီလီယံ တန်ဖိုးရှိ CH-47F Chinook ရဟတ်ယာဉ်(၆)စင်းနှင့် အခြားစက်ပစ္စည်းများပါဝင်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။ အမေရိကန်အရာရှိက “ယူအေအီးနိုင်ငံသည် အဆိုပါ ပစ္စည်းများကို ရှာဖွေကယ်ဆယ်ရေး၊ ဘေးအန္တရာယ် ကယ်ဆယ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့နှင့် အကြမ်းဖက်မှု တန်ပြန်ရေးလုပ်ငန်းများတွင် အသုံးပြုသွားပါမည်။ ယူအေအီးနိုင်ငံသည် အရှေ့ အလယ်ပိုင်းဒေသတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုတို့အတွက် အရေးပါသည့် အမေရိကန်၏ မိတ်ဖက်နိုင်ငံဖြစ်ပါသည်” ဟု ပြောဆိုခဲ့ပါသည်။
ယူအေအီးနိုင်ငံကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သွားရောက်မလည်ပတ်မီ ရက်ပိုင်းအလိုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ယူအေအီးကို စစ်လက်နက်ပစ္စည်းရောင်းချရန်ခွင့်ပြုချက် ထွက်ပေါ် လာခြင်းလည်း ဖြစ်ပါသည်။
ကိုးကား- NP News