ယခုနှစ်တွင် စိန်တလုံး သရက်သီး တင်ပို့သူများ အခက်အခဲများ ရင်ဆိုင်ရလျက်ရှိ

News Image

  • ယခုနှစ်တွင် စိန်တလုံး သရက်သီး တင်ပို့သူများ အခက်အခဲများ ရင်ဆိုင်ရလျက်ရှိ

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ စိန်တလုံးသရက်သီးများကို တင်ပို့နိုင်ခြင်းမရှိပါက မြန်မာစိန်တလုံးဈေးကွက်ပျောက်ဆုံးနိုင်ကြောင်း မန္တလေးမြို့မှ “ခွာညို” သစ်သီးဒိုင်ဆိုင်များက ပြောကြားထားပါသည်။ 

မြန်မာစိန်တလုံးသရက်များသည် ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိသော်လည်း စိုက်ပျိုးမှုမှာ ပြည်တွင်းစားသုံးမှုလိုအပ်ချက်ထက် များစွာ ပိုလျှံလျက်ရှိနေသည့်အပြင် ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စိန်တလုံး သရက် စားသုံးမှုသည် ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းလျက်ရှိပါသည်။ 

လက်ရှိတွင် စိန်တလုံးသရက် အဓိက ဝယ်ယူသည့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရမည့် ကုန်သွယ်မှုလမ်းကြောင်း မရှိသည့်အပြင် အဆိုပါ သရက်သီးရာသီချိန်အတွင်း တရုတ်နိုင်ငံသို့ အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိပါက သရက်သီးစိုက်ပျိုးသူများ အရှုံးပေါ်မည့်အခြေအနေမှာ ပိုမိုဆိုးရွားနိုင်ပါသည်။ 

စိန်တလုံးသရက် စပေါ်သည့်အချိန်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ စိုက်ပျိုးသူများအတွက် စိုက်ပျိုးစရိတ်ပင် ပြန်လည်မရရှိကြောင်း သိရှိရပါသည်။ ပြည်တွင်း၌ စိုက်ပျိုးရေးစရိတ်များ များပြားလာခြင်းနှင့် သရက်သီး အရည်အသွေးနိမ့်ပါးခြင်းကြောင်း ဈေးကောင်းမရခြင်းကလည်း သရက်စိုက်ပျိုးသူများအတွက် အခက်အခဲဖြစ်စေလျက်ရှိပါသည်။

မြန်မာပြည်တွင် စိုက်ပျိုးသည့် သရက်သီးအမျိုးအစားပေါင်း ၂၀၀ ကျော် ရှိသည့်အနက် ပြည်ပဈေးကွက်ကြိုက် အမျိုးအစားမှာ စိန်တလုံး သရက်သီးအမျိုးအစားဖြစ်သော်လည်း ယခုအခါ သရက်သီးတင်ပို့သူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။

ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃ 

ကိုးကား- The Global New Light of Myanmar