အီရန်က အမေရိကန်နှင့် 'အဏုမြူစီမံကိန်း ပူးပေါင်းဆောင်ရွက်ရန်' အဆိုပြု

News Image

  • အီရန်က အမေရိကန်နှင့် 'အဏုမြူစီမံကိန်း ပူးပေါင်းဆောင်ရွက်ရန်' အဆိုပြု

အီရန်သည် အာရပ်နိုင်ငံများနှင့်အမေရိကန်ရင်းနှီးမြှုပ်နှံမှုပါဝင်သော ပူးပေါင်း အဏုမြူချဲ့ထွင်ရေး စီမံကိန်းတစ်ရပ်ကို အဆိုပြုခဲ့သည်ဟု အီရန်အရာရှိများ၏ ထုတ်ဖော်ပြောဆိုချက်အရ နယူးယောက်တိုင်းမ် သတင်းစာက အင်္ဂါနေ့ (မေ ၁၃) တွင် ဖော်ပြခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘ္စစ် အရာချီ သည် တနင်္ဂနွေနေ့ (မေ ၁၁) က အိုမန်နိုင်ငံတွင် အမေရိကန်ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ်နှင့်တွေ့ဆုံစဉ် ထိုအဆိုပြုချက်ကို တင်ပြခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သမ္မတ ဒေါ်နယ် ထရမ့်၏ အီရန်၏အဏုမြူစီမံကိန်းများ အပြည့်အဝဖျက်သိမ်းရေး တောင်းဆိုမှုအား အစားထိုးရန် ရည်ရွယ်ခြင်းဖြစ်သည်။

သို့သော် ဝစ်ကော့ဖ်၏ ပြောရေးဆိုခွင့်ရှိသူ အက်ဒီ ဗက်စ်ကွစ်ဇ် က အဆိုပါသတင်းအား ငြင်းဆိုကာ “ထိုကဲ့သို့သော ပူးပေါင်းမှုစီမံကိန်းကို မည်သည့်အခါမျှ ဆွေးနွေးခဲ့ခြင်းမရှိ” ဟု ကြေညာခဲ့သည်။ အမေရိကန် နှင့်အီရန်တို့သည် ၁၉၈၀ ပြည့်နှစ်ကတည်းက သံတမန်ဆက်ဆံရေး ပြတ်တောက်ခဲ့ခြင်းဖြစ်သည်။

အီရန်သမ္မတ မာဆုဒ် ပက်ဇက်ရှ်ကီယန် က ယခုအပတ်အတွင်း အဏုမြူ စီမံကိန်းလုံးဝရပ်ဆိုင်းရန် တောင်းဆိုမှုများသည် “လက်မခံနိုင်သောအရာ” ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။

အရာချီက လွန်ခဲ့သောလအတွင်း “ယူရေနီယမ်ထပ်တိုးသန့်စင်မှုသည် မိမိတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး အဆိုပါကိစ္စတွင် လျှော့ပေါ့ညှိနှိုင်းမှုမရှိစေရ” ဟု ရှင်းလင်းစွာ ပြောကြားခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်သည် ၎င်း၏ ပထမသက်တမ်းအတွင်း ၂၀၁၅ ခုနှစ်က ကုလသမဂ္ဂမှ အားပေးထောက်ခံခဲ့သော အဏုမြူစာချုပ်မှ နုတ်ထွက်ခဲ့ပြီး အစ္စလာမ္မစ်သမ္မတနိုင်ငံက စာချုပ်ကို လျှို့ဝှက်စွာ ချိုးဖောက်နေသည်ဟု စွပ်စွဲခဲ့သည်။ အီရန်ဘက်က မည်သည့်မှားယွင်းမှုမျှ မပြုလုပ်ခဲ့ဟု ငြင်းဆိုသော်လည်း ၎င်းတို့၏ ကတိကဝတ်များကို ချိုးဖောက်ကာ ယူရေနီယမ်သိုလှောင်မှု ပမာဏကို တိုးမြှင့်ခဲ့သည်။

အိုမန်နိုင်ငံ၏ ကြားနေဆောင်ရွက်မှုဖြင့် လေးကြိမ်တိုင်ကျင်းပခဲ့သော ဆွေးနွေးပွဲများကို နှစ်ဖက်စလုံးက အပြုသဘောဆောင်သော အဆင့်တစ်ခုဟု သတ်မှတ်ခဲ့သော်လည်း အမေရိကန်နှင့် အီရန်တို့သည် ဂါဇာ စစ်ပွဲ၊ ယီမင်ရှိဟူသီများ၏ အပြည်ပြည်ဆိုင်ရာသင်္ဘောများနှင့် အစ္စရေးကို တိုက်ခိုက်မှုများနှင့်ပတ်သက်၍ တင်းမာမှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ 

အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အင်္ဂါနေ့ (မေ ၁၃) တွင် ထရမ့်က အီရန်အား “ဒေသတွင်းရှိ အဖျက်စွမ်းအားအကြီးမားဆုံးသော အင်အားစု” အဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းတို့အား အဏုမြူလက်နက်များ ရရှိပိုင်ဆိုင်ခွင့် မည်သည့်အခါမျှ မပေးသင့်ကြောင်း ဖိအားပေးပြောကြားခဲ့သည်။ 

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂