ဂါဇာရှိ ဟားမက်များကို အပြတ်ရှင်းမည်ဟု နေတန်ယာဟု ကတိပြု

News Image

  • ဂါဇာရှိ ဟားမက်များကို အပြတ်ရှင်းမည်ဟု နေတန်ယာဟု ကတိပြု

အစ္စရေးစစ်တပ်သည် မကြာမီကာလအတွင်း ဂါဇာကမ်းမြှောင်ရှိ ဟားမက်များကို အပြီးသတ်နှိမ်နင်းနိုင်လိမ့်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဘတ်ဂျမင်နေတန်ယာဟုက ကတိပြုခဲ့ပါသည်။ တချိန်တည်းမှာပင် ၎င်း၏အစိုးရအနေဖြင့် စစ်သွေးကြွအုပ်စုက ဖမ်းဆီးထားသည့် ကျန်ရှိနေသေးသော ဓားစာခံများကို ပြန်လွှတ်ပေးရန် ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟုလည်း ဆိုပါသည်။

အင်္ဂါနေ့ (မေ ၁၃) က ထိခိုက်ဒဏ်ရာရရှိထားသော အစ္စရေး အရန်တပ်ဖွဲ့ များနှင့် စကားပြောရာတွင် နေတန်ယာဟုက “လာမည့်ရက်များတွင် စစ်ဆင်ရေးပြီးမြောက်ရန် အင်အားအပြည့်ဖြင့် (ဂါဇာသို့)သွားကြမည်” ဟု အခိုင်အမာ ပြောကြားခဲ့သည်။ ဆိုလိုသည်မှာ “ဟားမက်များကို လုံးဝ ဖျက်ဆီးခြင်း” နှင့် “မိမိတို့၏ ဓားစာခံများအားလုံးကို လွှတ်ပေးရမည်” ဟု ဆိုလိုက်ခြင်းပင်ဖြစ်သည်။ 

၂၀၂၃ ခုနှစ်အတွင်း အစ္စရေးကို တိုက်ခိုက်စဉ် ဟားမက်အုပ်စုက ဖမ်းဆီးထားသော သုံ့ပန်းများကို ပြန်လွှတ်ပေးရန် “ယာယီအပစ်အခတ်ရပ်စဲရေး” ကို အစ္စရေးက ငြင်းဆိုခြင်းမပြုခဲ့သော်လည်း နေတန်ယာဟုက “စစ်ပွဲကို ရပ်တန့်မည့် အခြေအနေရှိမည်မဟုတ်” ဟု ရှင်းရှင်းလင်းလင်း ပြောသွားပါသည်။ 

အစ္စရေးသည် ဂါဇာကမ်းမြှောင်ဒေသမှ ပါလက်စတိုင်း အရပ်သားများ ထွက်ခွာခွင့်ပြုမည့် အုပ်ချုပ်ရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသော်လည်း မည်သည့်နိုင်ငံမှ ပါလက်စတိုင်းသားတို့ကို ခေါ်ဆောင်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရပါသည်။ နေတန်ယာဟု၏ အဆိုအရ ပါလက်စတိုင်း တစ်ဝက်ကျော်ခန့်က အခွင့်အရေးရပါက ဂါဇာမှထွက်ခွာသွားဖွယ်ရာ ရှိနေသည်ဟု သိရပါသည်။ 

မေ ၁၃ (အင်္ဂါနေ့)က ပါလက်စတိုင်း နယ်မြေတောင်ဘက်ရှိ ခန်ယူနီစ်မြို့ ရှိ ဥရောပဆေးရုံကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ ( IDF) များက လေကြောင်း တိုက်ခိုက်မှုအပြီး ယခုကဲ့သို့ နေတန်ယာဟု၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ IDF ၏ အဆိုအရ ဟားမက် စစ်သွေးကြွများသည် အဆောက်အအုံအောက်ရှိ မြေအောက်ခန်းများတွင်  “ဗဟိုစစ်ဆင်ရေး ထိန်းချုပ်ရေးဌာန” ကို ထူထောင်ထားကြောင်း သိရပါသည်။ အဆိုပါတိုက်ခိုက်မှုသည် ဟားမက် ခေါင်းဆောင် မိုဟမ်မက်ဆင်ဝါ ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကံကြမ္မာကို မသိရသေးကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ပါသည်။ 

ဗုဒ္ဓဟူးနေ့ (မေ ၁၄) တွင် ကယ်ဆယ်ရေးလုပ်သားများ ဆေးရုံသို့ ချဉ်းကပ်ခြင်းကို တားဆီးရန်အတွက် အစ္စရေးတိုက်လေယာဉ်များက အဆိုပါနေရာကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မီဒီယာအများအပြား က အခိုင်အမာဆိုကြပါသည်။ ဂါဇာ၏ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီ က စစ်လေယာဉ်များသည် ဒဏ်ရာရသူများကို ကယ်တင်ရန် ကြိုးပမ်းသူတိုင်းကို တမင်ပစ်မှတ်ထားကြောင်း အတည်ပြုခဲ့သည်။

ပါလက်စတိုင်းအရာရှိများ၏ ပြောကြားချက်အရ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ကိုးကား- MNP