အမေရိကန်-ကာတာ ဒေါ်လာ ၁.၂ ထရီလီယံ တန်ဖိုးရှိ သဘောတူညီချက်ကို လက်မှတ်ရေးထိုး
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ယခုအရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံနှင့် ကာတာနိုင်ငံတို့သည် ဒေါ်လာ ၁.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၂၀၀ ဘီလီယံ) တန်ဖိုးရှိ စီးပွားရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါသည်။
အဓိကသဘောတူညီချက်များအနက် ကာတာအနေဖြင့် အမေရိကန်ထံမှ ဒေါ်လာ ၂၀၀ ဘီလီယံ တန်ဖိုးရှိ ခေတ်မီမော်ဒယ် Boeing 787 Dreamliner နှင့် 777X လေယာဉ် ၁၆၀ စီး၊ General Atomics ကုမ္ပဏီမှ ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ MQ-9B ဒရုန်းစနစ် လေယာဉ်၈ စီး၊ Raytheon ကုမ္ပဏီ မှ ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိဒရုန်းတိုက်ဖျက်ရေးစနစ်များ ဝယ်ယူခြင်း တို့ ပါဝင်ပါသည်။
ထို့ပြင် အမေရိကန်နှင့် ကာတာတို့၏ နှစ်နိုင်ငံစစ်ရေးဆက်ဆံရေး ပိုမို ခိုင်မာစေရန် သဘောတူညီခဲ့ပြီး ဒေါ်လာ ၃၈ ဘီလီယံကျော် တန်ဖိုးရှိ ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ငွေအနက်မှ အချို့ကို အရှေ့အလယ်ပိုင်းရှိ ကာတာတွင် တည်ရှိသော အမေရိကန်၏ အကြီးဆုံးလေတပ် Al Udeid အခြေစိုက်စခန်း အတွက် အသုံးပြုမည်ဖြစ်ပါသည်။
ကိုးကား- TASS
Photo: Arab News