အစ္စရေးက ဂါဇာကို ဝေဟင်၊ မြေပြင်စစ်ဆင်ရေး ပြန်လည်စတင် ၊ ၂၄ နာရီအတွင်း သေဆုံးသူ ၁၄၆ ဦးရှိ
အစ္စရေးက ဂါဇာကို ဝေဟင်၊ မြေပြင် စစ်ဆင်ရေးများဖြင့် တိုက်ခိုက်မှုများ ပြန်လည်စတင်နေပြီဖြစ်ရာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတို့၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ပြည်သူ ၁၄၆ ဦးသေဆုံးကြောင်းနှင့် ၄၅၉ ဦးဒဏ်ရာရရှိကြောင်း ဂါဇာကျန်းမာရေး တာဝန်ရှိသူများက မေလ ၁၇ ရက်တွင်ပြောသည်။
အစ္စရေးနှင့်ဟားမတ်တို့ကြား အပစ်အခတ်ရပ်စဲရေးသည် မတ်လတွင် ပျက်ပြားသွားပြီးနောက် မေလ ၁၅ ရက်မှစ၍ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်လာရာ လက်ရှိတိုက်ခိုက်မှုက လူသေဆုံးမှု အများဆုံးဖြစ်လာသည်။ ယခုနောက်ဆုံး ဝေဟင်၊ မြေပြင်ထိုးစစ်ကိုမူ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ပင်လယ်ကွေ့နိုင်ငံများ ခရီးစဉ်အပြီးတွင် လုပ်ဆောင်လာခြင်းဖြစ်သည်။
“ညသန်းခေါင်လောက်ကစပြီး သေဆုံးသူ ၅၈ ဦးရဲ့ ရုပ်အလောင်းတွေကို လက်ခံရရှိပါတယ်။ ကျန်တဲ့သူ တော်တော်များများကတော့ အပျက်အစီးပုံအောက်မှာ ရှိနေဆဲပါ။ အခုလက်ရှိဆေးရုံထဲမှာဖြစ် နေတဲ့အခြေအနေက တကယ့်ကို ထိန်းမနိုင်သိမ်းမရပါဘဲ”ဟု ဂါဇာမြောက်ပိုင်းရှိ အင်ဒိုနီးရှားဆေးရုံမှ ညွှန်ကြားရေးမှူး မာဝမ်အယ်ဆူတန်က ပြောသည်။
အစ္စရေးက ၎င်းတို့အနေဖြင့် ဂါဇာဒေသအတွင်း စစ်ဆင်ရေးနယ်မြေကိုချဲ့ထွင်သည့်အနေဖြင့် တိုက်ခိုက်မှုများ ကိုပိုမိုပြုလုပ်လျက်ရှိကြောင်း၊ လက်ရှိတွင် စစ်ဆင်ရေးအရ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း မေလ ၁၇ ရက်တွင်ပြောထား သည်။
ဂါဇာဒေသအတွင်း အစ္စရေး၏ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ဆေးရုံများတွင် ပျက်စီးမှုများစွာ ဖြစ်ပေါ်နေသည့်အပြင် အစ္စရေး၏ ပိတ်ဆို့ထားမှုကြောင့်လည်း ဆေးဝါးများပြတ်လပ်နေကြောင်း သိရသည်။
Source: https://myawady.net.mm/