ထရမ့်က အမေရိကန်နှင့် အီရန်တို့ နျူကလီးယား သဘောတူညီချက်ရရှိရန် နီးစပ်နေဟု ပြောကြား

News Image

  • ထရမ့်က အမေရိကန်နှင့် အီရန်တို့ နျူကလီးယား သဘောတူညီချက်ရရှိရန် နီးစပ်နေဟု ပြောကြား

သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နှင့် အီရန်တို့ နျူကလီးယား သဘောတူညီချက် ရရှိရန် အလွန်နီးကပ်နေပြီဖြစ်ကြောင်း၊ တီဟီရန် ဘက်မှလည်း အချက်အလက်များကို သဘောတူထားကြောင်း ကြာသပတေးနေ့ (မေ ၁၅) တွင် ပြောကြားခဲ့သည်။

“ရေရှည်ငြိမ်းချမ်းရေးအတွက် အီရန်နှင့် အလွန်အရေးကြီးသော ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်နေပါသည်” ဟု ပင်လယ်ကွေ့ဒေသ ခရီးစဉ်အတွင်း ထရမ့်၏ ပြောကြားချက်များကို AFP သတင်းဌာန၏ဖော်ပြချက်အရ သိရှိရသည်။

ထရမ့်က “သဘောတူညီချက်တစ်ခုရရှိနိုင်ရေး ဖြေရှင်းဆောင်ရွက်ရန် အဆင့်နှစ်ဆင့်ရှိပြီး ပထမအဆင့်အနေဖြင့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် အင်အားသုံးရသည့်ဒုတိယအဆင့်တို့ဖြစ်ကြောင်း၊ သို့သော် ၎င်းအနေဖြင့် ဒုတိယနည်းလမ်းနှင့် မဖြေရှင်းချင်ပါ” ဟု ပြောကြားခဲ့ပါသည်။

အီရန်နှင့် အမေရိကန် နျူကလီးယား သဘောတူညီချက် ဆွေးနွေးပွဲ များနှင့်ပတ်သက်၍ အီရန်ဘက်မှ သတင်းရင်းမြစ်တစ်ဦးက နှစ်နိုင်ငံ အကြား လိုလားချက်များအပေါ် ကွဲလွဲမှုများ ရှိနေသေးကြောင်း ဖွင့်ဟ ခဲ့သည်။ အဆိုပါသတင်းကြောင့် ကြာသပတေးနေ့ (မေ ၁၅) တွင် ရေနံ စျေးများ စျေးတစ်စည်လျှင် ၂ ဒေါ်လာခန့် ကျဆင်းသွားခဲ့သည်။

အီရန်နှင့် အမေရိကန် ကိုယ်စားလှယ်များအကြား တီဟီရန်၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှုများကို ဖြေရှင်းရန် အိုမန်နိုင်ငံတွင် ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများသည် တနင်္ဂနွေနေ့ (မေ ၁၁) တွင် ယာယီ အဆုံးသတ်ခဲ့ပြီး နောက်ထပ်ဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်ရန် မျှော်မှန်းထားကြောင်း အရာရှိများက ပြောကြားခဲ့သည်။

ထို့အတူ အမေရိကန်အရာရှိတစ်ဦးနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုက်ရိုက် သိရှိထားသော အခြားသတင်းရင်းမြစ်နှစ်ခုက Axios သတင်း ဌာနအား ထရမ့်အစိုးရမှ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော စတုတ္ထအကြိမ် မြောက် ဆွေးနွေးပွဲတွင် အီရန်ထံသို့ နျူကလီးယား သဘောတူညီချက် အဆိုပြုလွှာတစ်စောင် ပေးအပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သို့သော် အီရန်အကြီးတန်းအရာရှိတစ်ဦးက တီဟီရန်သည် ဆယ်စုနှစ်များကြာ ဖြစ်ပွားနေသော နျူကလီးယားအရှုပ်တော်ပုံကို ဖြေရှင်းရန် အမေရိကန်ထံမှ မည်သည့်အဆိုပြုလွှာအသစ်ကိုမျှ မရရှိသေးကြောင်း၊ ၎င်းတို့၏မြေပေါ်တွင် ယူရေနီယမ်ထပ်တိုးသန့်စင်မှု အခွင့်အရေးကိုမည်သည့်အခါမျှ လျှော့ပေါ့မည်မဟုတ်ကြောင်း ဖြည့်စွက်ပြောကြား ခဲ့သည်။

တီဟီရန်နှင့် ဝါရှင်တန်တို့သည် အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် သံတမန်ရေးနည်းလမ်းကို နှစ်နိုင်ငံစလုံးက နှစ်သက်ကြောင်း ပြောကြား ခဲ့သော်လည်း သဘောတူညီချက်အသစ်တစ်ခုရရှိရန်နှင့် အနာဂတ်တွင် စစ်ရေးအရေးယူမှုများကို တားဆီးရန်အတွက် ညှိနှိုင်းဆွေးနွေးသူများအနေဖြင့် ရှောင်ရှားရမည့် အနီရောင်မျဉ်းများစွာတွင် ကွဲလွဲနေဆဲ ဖြစ်သည်။

အီရန်၏ ထိပ်တန်းခေါင်းဆောင် အယ်လီ ခါမေနီ၏ အကြံပေးတစ်ဦးက အီရန်သည် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးရန်ညှိနှိုင်းမှုဖြင့် အမေရိကန် နှင့် သဘောတူညီချက်တစ်ခုကို ရယူရန် အဆင်သင့်ဖြစ်နေကြောင်း NBC သတင်းဌာနနှင့် ဗုဒ္ဓဟူးနေ့ (မေ ၁၄) က ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ပြောကြားခဲ့သည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂