EU နိုင်ငံများက လူမှုမီဒီယာတွင် အသက်အရွယ် စစ်ဆေးမှုများ မဖြစ်မနေ ပြုလုပ်ရန် တိုက်တွန်း
ပြင်သစ်၊ စပိန်နှင့် ဂရိနိုင်ငံတို့သည် Meta ၏ Facebook နှင့် Elon Musk ၏ X အပါအဝင် လူမှုမီဒီယာပလက်ဖောင်းများတွင် အသက်အရွယ် အတည်ပြုချက်ကို မဖြစ်မနေလုပ်ဆောင်ရန် တိုက်တွန်းနေကြောင်း Bloomberg သတင်းဌာနက သောကြာနေ့ (မေ ၁၆) တွင် ဖော်ပြခဲ့သည်။
အဆိုပြုထားသော စည်းမျဉ်းသစ်များအရ အင်တာနက် ချိတ်ဆက်ထားသော ကိရိယာအားလုံးတွင် အသက်အရွယ်အတည်ပြုချက်နည်းပညာကို တပ်ဆင်ထားရမည်ဖြစ်သည်။ Bloomberg က ကိုးကားဖော်ပြခဲ့သော စာတမ်းတစ်စောင်အရ EU အဖွဲ့ဝင်နိုင်ငံသုံးနိုင်ငံမှ ဒီဂျစ်တယ် ဝန်ဆောင်မှု ဝန်ကြီးများသည် ဇွန်လ ၆ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံများနှင့် ကျင်းပမည့် အစည်းအဝေးမတိုင်မီ အဆိုပါကြိုးပမ်းမှုကို ညှိနှိုင်းဆောင်ရွက်နေ ကြသည်။
သတင်းအရ အဆိုပါနိုင်ငံသုံးနိုင်ငံက “သင့်လျော်ပြီးကျယ်ပြန့်သော အသက်အရွယ် အတည်ပြုချက်ယန္တရားများ ကင်းမဲ့နေခြင်း” သည် အသက် အရွယ်ကန့်သတ်ချက်များကို ထိရောက်စွာစောင့်ကြည့်ရန် ခက်ခဲစေသည် ဟု ဆိုသည်။ ၎င်းတို့သည် EU ၏ သန်း ၄၅၀ ရှိသော စားသုံးသူများ ၏စီးပွားရေးအစွမ်းကို အသုံးပြု၍ နည်းပညာကုမ္ပဏီများအား ခိုင်မာသော အတည်ပြုချက်စနစ်များ အကောင်အထည်ဖော်ရေး ဖိအားပေးရန် ရည်ရွယ်သည်။
ပြင်သစ်သမ္မတ Emmanuel Macron သည် မကြာသေးမီက လူမှု မီဒီယာ ပလက်ဖောင်းများတွင် မှတ်ပုံတင်သည့် ဆယ်ကျော်သက်များ အတွက် အသက်အရွယ်အတည်ပြုချက်ကို မဖြစ်မနေလုပ်ဆောင်ရန် ထောက်ခံကြောင်း အတည်ပြုပြောကြားခဲ့ပြီး အွန်လိုင်းကွန်ရက်များသည် လူငယ်များအကြား ဆိုးကျိုးများနှင့် စိတ်ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေကြောင်း ပြောကြားခဲ့သည်။
“မိမိတို့၏ကလေးများကို ကာကွယ်ရမည်” ဟု လူမှုမီဒီယာ ကွန်ရက်များတွင် အသက်အရွယ်အတည်ပြုချက်ကို ပြဋ္ဌာန်းသင့်ကြောင်း TF1 သို့ ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
Bloomberg ၏ ဖော်ပြချက်အရ ဥရောပကော်မရှင်နှင့် အဖွဲ့ဝင်နိုင်ငံ များစွာသည် မိဘများ၏ထိန်းချုပ်မှုနှင့် အသက်အရွယ် အတည်ပြုချက်ကို မြှင့်တင်ရန် စမ်းသပ်စီမံကိန်းများကို စတင်ဖော်ဆောင်နေပြီ ဖြစ်သည်။ သို့သော် ၎င်းတို့၏ကြိုးပမ်းမှုများကို EU နိုင်ငံများအတွင်း စည်းမျဉ်းစည်းကမ်း ကွဲပြားမှုများနှင့် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများမှ လူမှုမီဒီယာ ကွန်ရက်များကို အလွယ်တကူသုံးစွဲနိုင်မှုတို့က အဟန့်အတား ဖြစ်စေသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂