နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကိုယ်စားလှယ်များ မော်စကို လုံခြုံရေးညီလာခံသို့ တက်ရောက်မည်

News Image

  • နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကိုယ်စားလှယ်များ မော်စကို လုံခြုံရေးညီလာခံသို့ တက်ရောက်မည်

ရုရှား လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးဌာနမှ ထုတ်ပြန်ချက် အရ လာမည့်လကုန်ပိုင်းတွင် မော်စကိုမြို့၌ ကျင်းပမည့် ၁၃ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးညီလာခံသို့ နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဟု သိရသည်။

မေလ ၂၇ ရက်မှ ၂၉ ရက်အထိ ရုရှား အမျိုးသားစင်တာ၌ ကျင်းပမည့် အဆိုပါ နှစ်ပတ်လည်ညီလာခံ၏ ဆွေးနွေးမည့်အကြောင်းအရာများတွင် အရေးပါသော နည်းပညာနှင့် သတင်းအချက်အလက် အခြေခံ အဆောက် အအုံများကို ကာကွယ်ရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်မည်ဖြစ်သည်။

သတင်းထုတ်ပြန်ရေးဌာနက “အထူးသဖြင့် ပိုမိုတရားမျှတ၍ ယနေ့ခေတ် အခြေအနေများနှင့်လည်း ကိုက်ညီသော တန်းတူညီမျှပြီး မခွဲခြားနိုင်သည့် လုံခြုံရေးဆိုင်ရာ ဖွဲ့စည်းပုံအသစ်တစ်ရပ် ဖော်ဆောင်ရေးကို ဆွေးနွေး သွားမည်” ဟု ရှင်းလင်းဖော်ပြခဲ့သည်။

အကြမ်းဖက်တိုက်ခိုက်မှုများ၊ နည်းပညာဆိုင်ရာ ဖျက်ဆီးမှုများနှင့် အွန်လိုင်း လှည့်ဖြားမှုများကို တိုက်ဖျက်ရေးတို့သည် အဆိုပါညီလာခံ၏ အဓိကဆွေးနွေးစရာ အကြောင်းအရာများ ဖြစ်လိမ့်မည်ဟု ဆိုသည်။

ရုရှား လုံခြုံရေးကောင်စီက သတင်းအချက်အလက်နယ်ပယ်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို အခြားကျွမ်းကျင်သူများ ပါဝင်သောအထူးဆွေးနွေးပွဲတစ်ရပ်တွင် အမျိုးသားလုံခြုံရေးအကြံပေးများနှင့်ထောက်လှမ်းရေးအေဂျင်စီများ၏ ခေါင်းဆောင်များက ဆွေးနွေးသွားမည် ဟု အတိအလင်း ဖော်ပြခဲ့သည်။

ထုတ်ပြန်ချက်တွင် “ညီလာခံက သတင်းအချက်အလက် လုံခြုံရေး နယ်ပယ် ဆိုင်ရာ အရေးကြီးဆွေးနွေးရန်ကိစ္စရပ်များကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုပတ်ဝန်းကျင်တွင် ဆွေးနွေးနိုင်မည်” ဟု ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂