အစ္စရေးက ဂါဇာဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု ဝန်ကြီးချုပ် နေတန်ယာဟုပြော
အစ္စရေးက ဂါဇာဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီး ချုပ်နေတန်ယာဟုက မေလ ၁၉ ရက် တွင်ပြောသည်။ အစ္စရေးတပ်မတော်က ဂါဇာဒေသ၌ စစ်ဆင်ရေးကို တိုးမြှင့်လုပ်ဆောင်လာနေစဉ် နေတန်ယာဟုက ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဂါဇာကမ်းမြောင်ဒေသသို့ အခြေခံစားကုန်များသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ကြေညာပြီးနောက် ထိုသို့ဆုံးဖြတ်ရခြင်းသည် သံတမန်ရေး အကြောင်းပြချက်များအတွက် အငတ်ဘေးဆိုက်မှု ကိုကာကွယ်ရန် လိုအပ်ခြင်းကြောင့်ဖြစ်သည်ဟု နေတန်ယာဟုက ပြောသည်။
"အခုဆိုရင် ကျွန်တော်တို့ရဲ့တိုက်ခိုက်မှုက ပိုမိုပြင်းထန်လာနေပြီး တိုးတက်မှုတွေလည်း ရရှိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ကမ်းမြောင်ဒေသတစ်ခုလုံးကို ထိန်းချုပ်သွားမှာပါ" ဟု နေတန်ယာဟု ပြောထားခြင်းဖြစ်သည်။
အစ္စရေးနိုင်ငံသည် ၎င်းတို့၏အဓိက အမာခံထောက်ပံ့သူဖြစ်သည့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ၏ ဖိအားများကို ရင်ဆိုင်နေရကာ လွန်ခဲ့သော နှစ်လခန့်ကတည်းက ဂါဇာဒေသအပေါ် ဝိုင်းပတ်ပိတ်ဆို့ထားမှုများကို ဖယ်ရှားပေးရန် နိုင်ငံတကာက တောင်းဆိုထားခြင်း ဖြစ်သည်။
ဂါဇာဒေသ၌ အစ္စရေးတို့၏ ပိတ်ဆို့ထားမှုများကြောင့် အငတ်ဘေး ဆိုက်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း၊ ဂါဇာရှိ ပါလက်စတိုင်းပြည်သူ ၂၂ ရာခိုင်နှုန်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ နှင့်မိတ်ဖက်အဖွဲ့များက မေလတွင် ထုတ်ပြန်ထားသည်။ အစ္စရေးက ထိုကဲ့သို့ပိတ်ဆို့ထားခြင်းသည် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်အဖွဲ့အနေဖြင့် အလျှော့ပေးလာစေရန်ဖြစ်ကြောင်း အစ္စရေး အစိုးရကပြောထားသည်။
Source: https://myawady.net.mm/