အမေရိကန်က တူရကီ ကာကွယ်ရေးကဏ္ဍပေါ် ပိတ်ဆို့ထားရှိမှုများ လျှော့ချခဲ့ဟု အာဒိုဂန်ဆို
အမေရိကန်က တူရကီ၏ကာကွယ်ရေးလုပ်ငန်းကဏ္ဍပေါ် ပိတ်ဆို့ အရေးယူမှုများကို လျှော့ပေးလိုက်ပြီး အကြီးစားလက်နက် စျေးဝယ်စာချုပ်တစ်ခုကို ခွင့်ပြုလိုက်ကြောင်း သမ္မတ အာဒိုဂန်က ကြေညာလိုက် ပါသည်။
၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်အစိုးရက တူရကီနိုင်ငံက ရုရှား S-400 လေကာဒုံးပစ်စနစ်ဝယ်ယူမှုကို တုံ့ပြန်သည့်အနေဖြင့် Countering America’s Adversaries Through Sanctions Act (CAATSA) ဥပဒေအရ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပါသည်။ သို့သော် တူရကီဘက်က မော်စကိုနှင့် သဘောတူညီမှုကိုဖျက်သိမ်းရန် တောင်းဆိုချက်များကို ပယ်ချခဲ့ပြီး လက်နက်တပ်ဆင်ရာတွင် မိမိနိုင်ငံ၏ အချုပ်အခြာအာဏာ ကို အသုံးပြုပိုင်ခွင့်ရှိကြောင်း ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ပါသည်။
“CAATSA ပိတ်ဆို့အရေးယူမှုများ လျော့ပါးလာနေပြီဟု မိမိတို့ အတည်ပြု ပြောဆိုနိုင်ပါသည်” ဟု အာဒိုဂန်က အယ်လ်ဘေးနီးယားရှိ ဥရောပနိုင်ငံရေး အသိုက်အဝန်း ထိပ်သီးအစည်းအဝေးမှ ပြန်လည်ရောက်ရှိပြီးနောက် စနေနေ့ (မေ ၁၇) တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ၎င်းသည် တူရကီနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အသစ်တွမ်ဘာရက်နှင့် စကားပြောခဲ့ကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
“မိမိ၏မိတ်ဆွေ ထရမ့်အာဏာရလာပြီးနောက် ပိုမိုပွင့်လင်း၊ ပိုမို အကျိုး ဖြစ်ထွန်းပြီး ပိုမိုရင်းနှီးသော ဆက်ဆံရေးကို ရရှိခဲ့သည်” ဟု ၎င်းက ရှင်းပြခဲ့သည်။
အဆိုပါ ပိတ်ဆို့မှုလျှော့ချခြင်းနှင့်အတူ အမေရိကန်သည် ဒေါ်လာ ၃၀၀ သန်းကျော်တန်ဖိုးရှိ ဒုံးပစ်လက်နက်ရောင်းချမှုအား ခွင့်ပြုလိုက်ခြင်းကို အဲရ်ဒိုအန်က နေတိုးမဟာမိတ်နှစ်နိုင်ငံကြား ကျန်ရှိနေသော အကန့် အသတ်များ ဖယ်ရှားရန် ခြေလှမ်းတစ်ခုအဖြစ် ရှုမြင်ခဲ့သည်။ “နှစ်ဘက် နေတိုးမဟာမိတ်များအကြား ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များ မရှိသင့်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
မတ်လကဖုန်းဆက်ဆွေးနွေးမှုတွင် အာဒိုဂန်က ထရမ့်အား CAATSA ပိတ်ဆို့မှုများ ရုပ်သိမ်းရန်၊ F-16 တိုက်လေယာဉ် ၄၀ အတွက် ဒေါ်လာ ၂၃ ဘီလီယံ စာချုပ်အပြီးသတ်ရန်နှင့် တူရကီကို F-35 ပရိုဂရမ်သို့ ပြန်လည် ထည့်သွင်းရန် တိုက်တွန်းခဲ့သည်။ ၂၀၁၉ တွင် ရုရှား S-400 စနစ်က F-35 ၏လုံခြုံရေးကို ထိခိုက်နိုင်သည်ဟူသောစိုးရိမ်မှုဖြင့် တူရကီကို စီမံကိန်းမှ ထုတ်ပယ်ခဲ့သည်။ သို့သော် S-400 စနစ်ကို ဖျက်သိမ်းခြင်း (သို့) အမေရိကန်ထိန်းချုပ်သည့်စခန်းသို့ ရွှေ့ပြောင်းပါက တူရကီ ပြန်လည်ဝင်ရောက်ရန် ထရမ့်က သဘောတူကြောင်း သတင်းများအရသိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂