အီရန်နှင့် အဇာဘိုင်ဂျန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်

News Image

  • အီရန်နှင့် အဇာဘိုင်ဂျန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်

အီရန်နှင့် အဇာဘိုင်ဂျန်နိုင်ငံတို့၏ တပ်ဖွဲ့များသည် ပူးတွဲစစ်ရေး လေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း အီရန်အစိုးရက ပြောကြားခဲ့ပါသည်။ အဇာဘိုင်ဂျန်နိုင်ငံကို အီရန်သမ္မတ သွားရောက်လည်ပတ်ခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာတွင် ယခုကဲ့သို့ပူးတွဲစစ်ရေး လေ့ကျင့်မှု ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ လာမည့်မေလ(၂၁)ရက်အထိ လုပ်ဆောင်မည့် “Aras-2025” စစ်ရေးလေ့ကျင့်ခန်း၌ အီရန်တပ်ဖွဲ့များနှင့် အဇာဘိုင်ဂျန်တပ်ဖွဲ့များ ပါဝင်ကြောင်း IRNA သတင်းအေဂျင်စီက ရေးသား ဖော်ပြခဲ့ပါသည်။ အဆိုပါစစ်ရေး လေ့ကျင့်မှုကို အဇာဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံကြား အငြင်းပွားမှုများဖြစ်ပွားခဲ့သည့် Karabakh ဒေသ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ အီရန် စစ်တပ် က “အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နယ်စပ်လုံခြုံရေးကို မြှင့်တင်ပြီး အလားအလာရှိသည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် အဓိကကျသည့် ခြေလှမ်းတစ်ခုပင်ဖြစ်ပါသည်” ဟု ပြောခဲ့သည်။ အီရန်သည် အဇာဘိုင်ဂျန်နိုင်ငံနှင့် ဆက်ဆံရေးနယ်ပယ်များအားလုံး၌ တိုးတက်မှုများရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အီရန်သမ္မတ Masoud Pezeshkian က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် သီတင်းပတ် အနည်းငယ် အကြာတွင် ယခုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထွက်ပေါ်လာခြင်းပင်ဖြစ်ပါသည်။

ကိုးကား- NP News