အမေရိကန်သမ္မတရွေးကောက်ပြိုင်ပွဲနီးလာချိန်တွင် သမ္မတလောင်းနှစ်ဦး၏ ယှဉ်ပြိုင်မှု အကြိတ်အနယ်ရှိလာ

News Image

  • အမေရိကန်သမ္မတရွေးကောက်ပြိုင်ပွဲနီးလာချိန်တွင် သမ္မတလောင်းနှစ်ဦး၏ ယှဉ်ပြိုင်မှု အကြိတ်အနယ်ရှိလာ

ဝါရှင်တန် အောက်တိုဘာ ၃၀

မကြာမီကျင်းပတော့မည့် သမ္မတရွေးကောက်ပြိုင်ပွဲအတွက် အမေရိကန်ပြည်သူများ မဲမပေးမီတစ်ပတ်အလိုတွင် အမေရိကန်သမ္မတလောင်းနှစ်ဦး၏ ပြိုင်ဆိုင်မှုမှာ အကြိတ်အနယ်ရှိလာခဲ့သည်။

အောက်တိုဘာ ၂၉ ရက်အထိ နိုင်ငံလုံးဆိုင်ရာမဲရုံများတွင် ရီပတ်ဘလီကင်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်သမ္မတ‌လောင်း ကာမလာ ဟားရစ်ကို ၀ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဦးဆောင်လျက်ရှိကြောင်း အမေရိကန်ရွေးကောက်ပွဲသတင်းအချက်အလက် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Real Clear Politics အရသိရသည်။

ထရမ့်သည် ဂျော်ဂျီယာ၊ အရီဇိုးနား၊ ပင်ဆယ်ဗေးနီးယား၊ ဝစ်ကွန်ဆင်နှင့် မြောက်ကာရိုလိုင်းနားပြည်နယ်များအပါအဝင် ပြည်နယ်အတော်များများတွင် ရာခိုင်နှုန်းအနည်းငယ်သာဖြင့် ဦးဆောင်လျက်ရှိသည်။ ဟားရစ်သည် မီချီဂန်ပြည်နယ်တွင် ရမှတ်တစ်ဝက်ဖြင့် ဦးဆောင်လျက်ရှိသည်။ 

အကြိတ်အနယ်ရှိသည့် ပြိုင်ဘက်ပြည်နယ်များတွင် ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်ဖွယ်ရှိသည်။ သမ္မတလောင်းနှစ်ဦးလုံးသည် အဆိုပါပြည်နယ်များတွင် တက်ကြွစွာ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

သမ္မတရွေးကောက်ပြိုင်ပွဲသည် ဆက်လက်ပြီး အကြိတ်အနယ်ဖြစ်လျက်ရှိသည်။ သို့သော်လည်း ဟားရစ်သည် ကြော်ငြာတွင် ထရမ့်ကို အနည်းငယ်အသာရလျက်ရှိကြောင်း ဘရွတ်ကလင်း အင်စတီကျုမှ အကြီးတန်းအရာရှိတစ်ဦးဖြစ်သူ ဒါရယ်ဝက်စ်က ပြောသည်။

ငွေကြေးဖောင်းပွခြင်းနှင့် စီးပွားရေးအခြေအနေသည် အဓိကပြဿနာများဖြစ်သည်။ သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ဟားရစ်တို့သည် နိုင်ငံ့စီးပွားရေးတွင် အလုပ်လက်မဲ့နည်းအောင် ကြီးကြပ်ခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းကြီးမြင့်မှုများအပေါ် မဲဆန္ဒရှင်များက အမျက်ထွက်ခဲ့ကြသည်။

ထရမ့်၏ မဲဆွယ်စည်းရုံးမှုတွင် ထရမ့်က ဘိုင်ဒင်- ဟားရစ်အုပ်ချုပ်ရေးသည် မြို့ပြဒေသများတွင် ရာဇဝတ်မှုများ တိုးလာစေသည်ဟု စွပ်စွဲခဲ့သည်။

လက်ရှိ ဘိုင်ဒင်အစိုးရတက်လာပြီးကတည်းက နယ်စပ်ကို တရားမဝင်ဝင်ရောက်လာသည့် သန်းနှင့်ချီသော ရွှေ့ပြောင်းအခြေချသူများကို အစုလိုက်အပြုံလိုက်ပြန်ပို့မည့် ထရမ့်၏ အစီအစဉ်ကိုလည်း ဝေဖန်သူများက ပြစ်တင်ရှုတ်ချခဲ့သည်။

ဆင်ဟွာ        

Source- မြန်မာ့အလင်း