ဥရောပကော်မရှင် ဆုံးဖြတ်ချက် တရုတ်နှင့် ကုန်သွယ်ရေး စစ်ပွဲဆီဦးတည်စေ
ဥရောပကော်မရှင်၏ ဆုံးဖြတ်ချက်တစ်ခုဖြစ်သော တရုတ်နိုင်ငံထုတ် ဘက်ထရီကားများကို သွင်းကုန်အခွန်တိုးကောက် မည့်အစီအစဉ်က ဥရောပသမဂ္ဂနှင့်တရုတ် နိုင်ငံတို့ကြား ကုန်သွယ်ရေး စစ်ပွဲဖြစ်ပွားစေသည်အထိ ဦးတည်စေမည်ဟု ဝေဖန်ရေးသမားများက သတိပေး ထားသည်။
တက်စလာကဲ့သို့ အာရှနိုင်ငံများတွင် ထုတ်လုပ်မှုလုပ်ဆောင်ပြီး ဥရောပသို့တင်သွင်းလာသည့် ကားများကိုမူ သွင်းကုန်အခွန် ၇ ဒသမ ၈ ရာခိုင်နှုန်းသာကောက်မည်ဖြစ်သော်လည်း တရုတ် ကုမ္ပဏီများအနေ ဖြင့်ထုတ်လုပ်သော ဘက်ထရီကားများကိုမူ သွင်းကုန်အခွန် ၃၅ ဒသမ ၃ ရာခိုင်နှုန်းကောက်ရန် ဥရောပကော်မရှင်က ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။
ထိုသို့ကောက်ခံမှုသည် ဥရောပသမဂ္ဂ၏ ကားများအပေါ် စံပြုသွင်းကုန်အခွန် ဖြစ်သော ၁၀ ရာခိုင်နှုန်းထက် များစွာမြင့်မားနေသည်။ ထိုဆုံးဖြတ်ချက်သည် နောက်ငါးနှစ်အထိ အသက်ဝင် နေမည်ဖြစ်သည်။
ထိုဆုံးဖြတ်ချက်ချမှုကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံအနက် ၁၀ နိုင်ငံကသာ ထောက်ခံခြင်း ဖြစ်ပြီး အဖွဲ့ဝင်ငါးနိုင်ငံက ကန့်ကွက်ကာ ၁၂ နိုင်ငံကကြားနေအဖြစ် ရပ်တည်သည်။
ယင်းသို့သွင်းကုန်အခွန်များ ကောက်ရခြင်းသည် ဥရောပရှိကားထုတ်လုပ်သူများအတွက် မျှတ သောပြိုင်ဆိုင်မှုဖြစ်စေရန်ဟု ပြောထားသော်လည်း ထိုဒေသတွင် မော်တော်ကားများကို အများဆုံးထုတ်လုပ်နေသည့် ဂျာမနီနိုင်ငံက ထိုလုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ထားသည်။
တရုတ်အစိုးရကမူ ဥရောပကော်မရှင်၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း၊ ဥရောပ၏ လုပ်ဆောင်မှုသည် ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရေးအတွက် တစ်ကမ္ဘာလုံး၏ ပူးပေါင်းဆောင်ရွက်မှုကို အားနည်းစေကြောင်းနှင့် ဥရောပမှတင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ပြောထားသည်ဟု သိရသည်။
Source- Myawady Webportal