ရုရှားနှင့်ယူကရိန်းတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ “ချက်ချင်း” စတင်မည်ဟု ပူတင်နှင့် ဖုန်းဖြင့်ဆွေးနွေးအပြီး ထရမ့်ပြောကြား

News Image

  • ရုရှားနှင့်ယူကရိန်းတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ “ချက်ချင်း” စတင်မည်ဟု ပူတင်နှင့် ဖုန်းဖြင့်ဆွေးနွေးအပြီး ထရမ့်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသည် အလွန်ကောင်းမွန်စွာ ပြီးဆုံးခဲ့ကြောင်း ပြောကြားခဲ့ပြီး မော်စကိုနှင့် ကိယက်ဗ်တို့အကြား ဆွေးနွေးပွဲများကို “ချက်ချင်း” စတင်မည်ဟု ပြောကြားခဲ့သည်။

ခေါင်းဆောင်နှစ်ဦးသည် တနင်္လာနေ့ (မေ ၁၉) တွင် ဖုန်းဖြင့် နှစ်နာရီ ကျော်ကြာ ပြောဆိုဆွေးနွေးခဲ့ကြပြီး အဓိကအားဖြင့် ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ ပူတင်ကလည်း ဆွေးနွေးပွဲသည် “အလွန် အကျိုးရှိသည်” ဟု ဖော်ပြခဲ့သည်။

“ရုရှားနှင့်ယူကရိန်းတို့သည် စစ်ပြေငြိမ်းရေးနှင့် ပိုမိုအရေးကြီးသည့် စစ်ပွဲအဆုံးသတ်ရန် ညှိနှိုင်းမှုများကိုချက်ချင်း စတင်မည်ဖြစ်ပြီး အခြေ အနေများကို နှစ်ဖက်ညှိနှိုင်းရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သာ မည်သူမျှမသိသည့် ညှိနှိုင်းမှုအသေးစိတ်များကို သိရှိထားသောကြောင့် ဖြစ်သည်” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

ရုရှားသည် အမေရိကန်နှင့် ကြီးမားသော ကုန်သွယ်မှုလုပ်ဆောင်လိုကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး ပဋိပက္ခ အဖြေရှာနိုင်ပါက ယူကရိန်းသည်လည်း ကုန်သွယ်ရေးတွင် ကြီးမားသော အကျိုးကျေးဇူးခံစားရနိုင်မည်ဖြစ်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ရုရှားအတွက် အလုပ်အကိုင်နှင့် ဘဏ္ဍာငွေများစွာ ဖန်တီးရန် အလားအလာ အလွန်ကြီးမားပြီး အဆိုပါအခွင့်အလမ်းသည် အကန့်အသတ်မရှိ” ဟု ထရမ့်က ရေးသားခဲ့သည်။

အမေရိကန်သမ္မတက ပူတင်နှင့် ဖုန်းဖြင့်ဆွေးနွေးမှုအပြီးတွင် ယူကရိန်း သမ္မတ ဇီလန်စကီး၊ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်းယန်၊ ပြင်သစ်သမ္မတ အီမန်နူရယ် မာခရွန်၊ အီတလီဝန်ကြီးချုပ် ဂျော်ဂျီယာ မယ်လိုနီ၊ ဂျာမနီဝန်ကြီးချုပ် ဖရီဒရစ် မာ့ဇ်နှင့် ဖင်လန်သမ္မတ အလက်ဇန်ဒါး စတပ်တို့နှင့် ဆက်သွယ်ပြောဆိုခဲ့ကြောင်း၊ ရုရှားသမ္မတနှင့် ၎င်း၏ ဆွေးနွေးပွဲအကြောင်းကို အဆိုပါ ပုဂ္ဂိုလ်များအား အသိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂