ဂါဇာတစ်ခုလုံးကို ထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော
ဂါဇာကမ်းမြောင်ဒေသတစ်ခုလုံးကို အစ္စရေးက ထိန်းချုပ်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
ဂါဇာကမ်းမြောင်ဒေသတွင်းကို အကူအညီများဝင်ရောက်ခွင့်ပေးရန် နိုင်ငံတကာက အစ္စရေးကို ဖိအားပေးမှုများရှိနေချိန်မှာပင် နေတန်ရာဟု ၏ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ လွန်ခဲ့သော ရက်ပိုင်းအတွင်း စစ်ဆင်ရေးအသစ်ကို ထုတ်ပြန်ကြေညာခဲ့သည့် အစ္စရေး စစ်တပ်သည် တိုက်ခိုက်မှုတစ်ခုကို ပြင်ဆင်ထားမှုနှင့်အတူ Khan Younis မြို့ရှိ ဒေသခံများကို ဘေးလွတ်ကင်းရာဖြစ်သော ကမ်းရိုးတန်းဘက်သို့ ချက်ချင်း ပြောင်းရွှေ့ကြရန် မေလ ၁၉ ရက်က သတိပေးခဲ့ကြောင်းလည်း သိရ ပါသည်။
နေတန်ရာဟုက “ကြီးမားသည့် ထိုးစစ်ဆင်မှုတွေရှိလာပါလိမ့်မယ်။ ဂါဇာ၏ အစိတ်အပိုင်းတွေအားလုံးကို မိမိတို့အနေဖြင့် ထိန်းချုပ်သွားမှာပါ” ဟု ပြောဆိုခဲ့ပါသည်။ ဂါဇာကမ်းမြောင်ဒေသတွင်းကို အကူအညီများ ဝင်ရောက်ခွင့်ပေးရန် အစ္စရေးအပေါ် ဖိအားပေးမှုများ ရှိခဲ့ပြီးနောက် အကူအညီပေးရေးထရပ်ကားများ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းကို ဦးတည်သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသ၌ ထိုးစစ်ဆင်မှုအသစ်ကို စတင်ခဲ့သည့် အစ္စရေး၏လုပ်ရပ်ကို နိုင်ငံအများအပြားက ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်း သိရပါသည်။
ကိုးကား- NP News