ဂျာမနီက ဥရောပသမဂ္ဂ၏ ရုရှားစွမ်းအင်ကဏ္ဍအား ဒဏ်ခတ်အရေးယူမှုအသစ်များကို ထောက်ခံကြောင်း ကြေညာ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့၏ ဖုန်းဖြင့်ဆွေးနွေးပြောဆိုမှုအပြီးတွင် ဂျာမနီအစိုးရက ရုရှား၏ စွမ်းအင်ကဏ္ဍအား ပစ်မှတ်ထားသည့် ဥရောပသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှု အသစ်များကို ထောက်ခံကြောင်း ကြေညာခဲ့သည်။ သို့ရာတွင် ထရမ့် အာဏာပိုင်များက မော်စကိုအပေါ် ဖိအားမြှင့်တင်ရန် မလိုလားသည့် အလားအလာရှိသည်။
တနင်္လာနေ့ (မေ ၁၉) ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဂျာမန် အစိုးရပြောရေးဆိုခွင့်ရှိသူ စတီဖင်ကော်နီလီယက်စ်က “ဂျာမနီအစိုးရအနေဖြင့် Nord Stream ပိုက်လိုင်းနှင့်သက်ဆိုင်သော ဒဏ်ခတ်မှုများကို ထောက်ခံပါသည်” ဟုပြောကြားခဲ့ပြီး “အမေရိကန်ပြည်ထောင်စု၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးပါသည်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဘောလ်တစ်ပင်လယ်အောက်မှ ရုရှားနှင့်ဂျာမနီကို ဆက်သွယ်ထားသည့် Nord Stream 1 နှင့် 2 ဓာတ်ငွေ့ပိုက်လိုင်းများသည် ၂၀၂၂ ခုနှစ်ကတည်းက ဥရောပသမဂ္ဂ၏ဒဏ်ခတ်မှုများနှင့် ဖျက်ဆီးမှုများကြောင့်အလုပ်လုပ်ဆောင်နိုင်ခြင်းမရှိသေးပါ။ ရုရှားဘက်ကအဆိုပါဖျက်ဆီးမှုများ ကို အနောက်နိုင်ငံများ၏ ထောက်လှမ်းရေးအဖွဲ့အစည်းများက စီစဉ်ခဲ့သည်ဟု အခိုင်အမာဆိုထားသည်။
လွန်ခဲ့သည့်သီတင်းပတ်က ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန် ဒါလီယန်က ဥရောပ၏နောက်ထပ်ဒဏ်ခတ်မှုများသည် ရုရှား၏ ငွေကြေး ကဏ္ဍ၊ ရေနံတင်ပို့မှုပိတ်ဆို့ချက်ကို ရှောင်ရှားရန်အသုံးပြုနေသည့် သင်္ဘော များနှင့် Nord Stream စနစ်တို့ကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းက အဆိုပါ ဒဏ်ခတ်မှုများ၏ ရည်ရွယ်ချက်မှာ ရုရှားအားယူကရိန်းတွင် ရက်ပေါင်း ၃၀ ကြာ ကန့်သတ်ချက်မရှိသော စစ်ရေးရပ်စဲမှုကို လက်ခံလာစေရန်ဖြစ်သည်ဟု ဆိုသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂