အသံနှုန်းလွန်ဒုံးကျည်များနဲ့ အာကာသမှ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်များကို ကာကွယ်မယ့် အမေရိကန်ရဲ့ ဒေါ်လာ ၁၇၅ ဘီလီယံတန် ရွှေကွန်ချာ

News Image

  • အသံနှုန်းလွန်ဒုံးကျည်များနဲ့ အာကာသမှ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်များကို ကာကွယ်မယ့် အမေရိကန်ရဲ့ ဒေါ်လာ ၁၇၅ ဘီလီယံတန် ရွှေကွန်ချာ

ကွန်ချာဆိုတာ တင်စားပြီးပြောထားတဲ့ စကားရပ်တစ်ခုဖြစ်ပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်ကတော့ နိုင်ငံကိုကာကွယ်ရေးမှာ တော်တော်လေး အသုံးဝင်စေမယ့် လက်နက်စနစ်တစ်မျိုးဖြစ်ပါတယ်။ ဒီလက်နက်ကို အသုံးပြုမယ့်သူက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး အသုံးပြုဖို့အတွက် ခွင့်ပြုလိုက်သူက သမ္မတဒေါ်နယ်ထရမ့်ပဲ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၁ ရက်မှာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံရုံးခန်းထဲရှိနေစဉ် သူစီစဉ်ထားတဲ့ ရွှေကွန်ချာစနစ် တည်ဆောက်ရေးကို အတည်ပြုလိုက်တာဖြစ်ပါတယ်။ အဲဒီစနစ်ကိုတည်ဆောက်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁၇၅ ဘီလီယံ အထိ အသုံးပြုသွားမယ်လို့ တရားဝင်ထုတ်ပြန်လိုက် တာဖြစ်ပါတယ်။ ရွှေကွန်ချာဆိုတဲ့ ဘက်စုံသုံးဒုံးကျည်ကာကွယ်ရေးစနစ်က   မြေပြင်၊ ရေပြင်၊ ဝေဟင်မှသာမက အာကာသထဲကပါ ရောက်ရှိလာမယ့် မျိုးဆက်သစ်ဒုံးကျည်တွေရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က သူ့ရဲ့ရွှေကွန်ချာစနစ်ဟာ ကမ္ဘာတစ်ဖက်ခြမ်းကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကိုတောင်မှ ဟန့်တားကာကွယ်နိုင်စွမ်းရှိမယ်လို့ အမွှမ်းတင် ပြောထားတာပါ။

အမေရိကန်ရဲ့ ရွှေကွန်ချာစနစ်က  တကယ်တမ်းတော့ အစ္စရေးရဲ့အစွမ်းထက်လှတဲ့ သံကွန်ချာအမည်ရ ဒုံးကျည်ကာကွယ်ရေးစနစ်ကို မှီငြမ်းပြီးအမည်ပေး ထားပေမယ့် ရွှေကွန်ချာကတော့ သံကွန်ချာထက် စွမ်းဆောင်ရည် ပိုမိုမြင့်မားကာ အဆင့်မြင့်ဒုံးကျည်တွေရဲ့အန္တရာယ်ကနေ နိုင်ငံကိုကာကွယ်ပေးနိုင်မယ် လို့ဆိုပါတယ်။ အဲဒီအန္တရာယ်တွေထဲမှာ အသံနှုန်းလွန်ဒုံးကျည်များမှသည် FOBS လို့လူသိများတဲ့ ကမ္ဘာပတ်လမ်းမှ ဗုံးကြဲစနစ်များမှ ပစ်လွှတ်လိုက်သော ဒုံးကျည်ထိပ်ဖူးများအထိ ပါဝင်ပါတယ်။

သံကွန်ချာစနစ်က လူဦးရေထူထပ်တဲ့နေရာတွေကိုသာ တာတိုပစ်ဒုံးကျည်တွေရဲ့အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ ဖန်တီးထားတာဖြစ်ပါတယ်။ အရွယ် အစားအားဖြင့် နယူးဂျာစီပြည်နယ်တစ်ခုမျှလောက်သာရှိတာပါ။  အခုရွှေကွန်ချာစနစ်ကကျတော့ သံကွန်ချာစနစ်က ကာကွယ်နိုင်တဲ့  အရွယ်အစားထက်ကို အဆပေါင်း ၄၅၀ အထိ ကြီးမားတဲ့ နယ်မြေပမာဏကို ကာကွယ်နိုင်စေမှာဖြစ်ပါတယ်။

ဒီစနစ်ထဲမှာ အာကာသအခြေပြု အာရုံခံကိရိယာများမှသည် ဘက်စုံလွှမ်းခြုံ ကာကွယ်နိုင်ရေးအတွက် ကြားဖြတ်ဒုံးကျည်များအထိ နောက်ဆုံးပေါ်ဖြစ်တဲ့ နည်းပညာများ ပေါင်းစပ်ပါဝင်ထားပါတယ်။ ဒီအတွက်ကြောင့် ရွှေကွန်ချာစနစ်က ရန်သူ့ဆီကနေဒုံးကျည် ကိုမပစ်လွှတ်မီ၊ ပစ်လွှတ်စဉ်စတဲ့ အဆင့်အမျိုးမျိုးမှာ ရန်သူ့ဒုံးကျည်တွေကို ဖျက်ဆီးနိုင်စွမ်းရှိစေမယ်လို့ ထရမ့်ကပြောထားပါတယ်။

ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကို  ကနဦး အသုံးပြုသွားမှာဖြစ်ပြီး   အဲဒီငွေကြေးတွေက လက်ရှိအစိုးရရဲ့ မူဝါဒများအရ အသုံးစရိတ် ဖြတ်တောက်မှုနဲ့ အခွန်ကောက်ခံရရှိမှုတွေကနေ ပေးဆောင်သွားမှာဖြစ်ပြီး   ဒီစီမံကိန်းကိုဦးဆောင်မယ့်သူက အမေရိကန်အာကာသတပ်ဖွဲ့မှ အာကာသ စစ်ဆင်ရေးများ ဌာနဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး မိုက်ကယ်အေဂူးအက်လိမ်း ဖြစ်ပါတယ်။

ဒီလိုမျိုးရွှေကွန်ချာစနစ်ကို တည်ဆောက်နိုင်ဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်ကို ပြန်တက်လာချိန်မှာပဲ အမိန့်ပေးခဲ့တာပါ။ အခုတော့ ဒီစနစ်ကိုစတင် တည်ဆောက်ဖို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ထရမ့်က သူ့ရဲ့သမ္မတ သက်တမ်း မကုန်ဆုံးမီမှာ ဒီစနစ်ကြီးအပြီးသတ်စေရမယ်လို့ ဆိုထားပါတယ်။

Source: Myawady Web Portal