F-35 နှင့် B-2 တို့ထက် စစ်အေးကာလ လက်ကျန် B-52 က ပိုမိုအန္တရာယ်များဟု တရုတ်သုတေသန အဖွဲ့သတ်မှတ်

News Image

  • F-35 နှင့် B-2 တို့ထက် စစ်အေးကာလ လက်ကျန် B-52 က ပိုမိုအန္တရာယ်များဟု တရုတ်သုတေသန အဖွဲ့သတ်မှတ်

တရုတ်ပြည်သူ့  လွတ်မြောက်ရေး တပ်မတော်(လေတပ်)၏ ကြိုတင်သတိပေး စနစ်အကယ်ဒမီမှ   သုတေသနပညာရှင် ဝမ်ဘင်းချီ     ဦးဆောင်သော အဖွဲ့က အမေရိကန်လေတပ်၏   F-35 နှင့် B-2 လေယာဉ်များထက်  စစ်အေးကာလလက်ကျန် B-52 ဗုံးကြဲလေယာဉ်က ပိုမိုအန္တရာယ်များသည်ဟု  သတ်မှတ်လိုက်ကြောင်း သိရသည်။

သုတေသနပညာရှင်များသည် တရုတ်ရေယာဉ်စုများ သို့မဟုတ် တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်း ပစ်မှတ်များကို အမေရိကန်လေတပ်၏ ထိုးဖောက်တိုက်ခိုက်မှု လေကြောင်းစစ်ဆင်ရေးကို  သဏ္ဌာန်တူပြုလုပ်ကာ လေ့လာမှုများ လုပ်ဆောင်ခြင်းဖြစ်သည်။

ထိုသို့ သဏ္ဌာန်တူပြုလုပ် လေ့လာရာတွင် တရုတ်တပ်မတော်က အမေရိကန်၏ နျူကလီးယားလက်နက်များ သယ်ဆောင်နိုင်သော F-35 တိုက်လေယာဉ်နှင့် B-2 ဗုံးကြဲ လေယာဉ်တို့အပြင် ၎င်းတို့နှင့် ပူးတွဲစစ်ဆင်နိုင်သည့် ဒရုန်းများ၏ စွမ်းဆောင်ရည်ကို ထည့်သွင်းလေ့လာခြင်းဖြစ်သည်။

အဆိုပါလေယာဉ်များသည် နျူကလီးယားဖြင့် တိုက်ခိုက်ရာတွင် စိုးရိမ်ရသည့်အဆင့်ရှိသော်လည်း နျူကလီးယားဗုံး လေးလုံးအထိ သယ်ဆောင်နိုင်သည့် B-52 ဗုံးကြဲလေယာဉ်က အခြားလေယာဉ်များထက် ပိုမိုအန္တရာယ်ရှိသည်ကိုတွေ့ရှိရသည်ဟု သုတေသနပညာရှင်များက ထုတ်ပြန်ထားသည်။

အလားတူ သုတေသနပညာရှင်များ ထုတ်ပြန်သော လေ့လာမှုစာရင်း၌ C-17 သယ်ယူပို့ဆောင်ရေး လေယာဉ်များနှင့်B-1B ဗုံးကြဲလေယာဉ်များက ၎င်းတို့၏ အကန့်အသတ်ရှိသော တိုက်ပွဲဝင်နိုင်စွမ်း သို့မဟုတ် အဆင့်မမီတော့သော အီလက်ထရွန်နစ် စနစ်တို့ကြောင့် အန္တရာယ်ရှိမှုတွင် နောက်ဆုံးအဆင့်၌ရှိကြောင်း သုတေသီများ၏ ထုတ်ပြန်ချက်၌ ဆက်လက်ဖော်ပြထားသည်။

Source: Myawady Web Portal