ဘင်္ဂလားဒေ့ရှ်တွင် ယူနွတ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အကြား တင်းမာမှုများရှိနေ
ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဇမာန်က ‘ရှေ့လုပ်ငန်းစဉ်’ ဆိုင်ရာ အရေးပေါ်အစည်းအဝေးတစ်ရပ်ခေါ်ယူရန် တောင်းဆိုခဲ့ပြီးယူနွတ်အား ရွေးကောက်ပွဲများကို အမြန်ဆုံးကျင်းပစေလိုသည်ဟု တပ်မတော်ဆိုင်ရာ အရင်းအမြစ်များကဆိုသည်။ ၎င်း၏ အကြီးမားဆုံး စိုးရိမ်မှုမှာ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုဖြစ်ရန် အလားအလာရှိခြင်းဖြစ်ပြီး၊ ယူနွတ်အား နိုင်ငံခြားအဖွဲ့အစည်းများ၏ ရုပ်သေးရုပ်အဖြစ် မြင်နေကြသောကြောင့် အဆိုပါအခြေအနေ ဖြစ်နိုင်ခြေရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
ဇမာန်သည် ရှိတ်ဟာဆီနာ (Sheikh Hasina) နှင့် ခါလီဒါ ဇီယာ (Khaleda Zia) တို့၏ ပါတီများကို စုစည်းကာ နိုင်ငံအတွက် ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ရှိကြောင်း ဖော်ပြခဲ့သည်။
“တပ်မတော်၏ အဓိကစိုးရိမ်မှုမှာ ယူနွတ်၏ အုပ်ချုပ်ရေးအမိန့်များဖြင့် အကျဉ်းသားများကို လွှတ်ပေးမည့် အလားအလာ” ဖြစ်ကြောင်းကိုလည်း ဖော်ပြခဲ့သည်။
ယင်းမတိုင်မီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဘင်္ဂလားဒေ့ရှ် တပ်မတော်သည် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြောင်း နီးစပ်သူများက News18 သို့ ပြောကြားခဲ့သည်။
တပ်မတော်ဆိုင်ရာ အရင်းအမြစ်များက “တပ်တွင်း ညီညွတ်မှုကို ထိခိုက်စေနိုင်သည့် ယူနွတ်၏ လုပ်ရပ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မရှိချိန်တွင် အမျိုးသားလုံခြုံရေးအကြံပေးသစ်တစ်ဦးကို တိုက်ရိုက် ခန့်အပ်ခြင်းဖြစ်သည်” ဟု ဖော်ပြခဲ့သည်။
ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ဖိုင်ဇာရ် ရာမန် (Lt Gen Faizur Rahman) သည် ယူနွတ်၏ ယုံကြည်ရသူဖြစ်သည့် အမျိုးသားလုံခြုံရေးအကြံပေး ခါလီလူရ် ရာမန် (NSA Khalilur Rahman) နှင့် လျှို့ဝှက်အစည်းအဝေး ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
အရင်းအမြစ်များအရ အမျိုးသားလုံခြုံရေးအကြံပေးအသစ်နှင့် ယူနွတ် တို့၏ ရည်မှန်းချက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ရာထူးမှ ဖယ်ရှားရန်ဖြစ်သော်လည်း၊ တပ်မှူးအများစုက ရွေးကောက်ပွဲများကို အမြန်ဆုံးကျင်းပရန် လိုလားနေကြောင်း သိရသည်။
တစ်ဖက်တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မည်သည့် အရပ်ဘက်အုပ်စု၏ ဖိအားကိုမျှ လက်မခံရန် ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ထားပြီး၊ ၎င်း၏ ရုံးနှင့်နေအိမ်ဝန်းကျင်တွင် ဆန္ဒပြလှုပ်ရှားမှုများကို ပိတ်ဆို့ တားဆီးထားကြောင်းသိရှိရသည်။
“ဇမာန်သည် ဒီမိုကရေစီအတွက် ပါတီအားလုံး ပူးပေါင်းပါဝင်သည့် ရွေးကောက်ပွဲကျင်းပရန် နောက်ကွယ်တွင် ချိတ်ဆက်ဆောင်ရွက်မှုများပြုလုပ်ပြီးဖြစ်သည်” ဟု အရင်းအမြစ်များက ဆိုသည်။
ကိုးကား-News 18
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂