ရုရှားသမ္မတပူတင်က အချိန်ကိုကစားနေသည်ဟု ယူကရိန်းသမ္မတ စွပ်စွဲ ပြောဆို

News Image

  • ရုရှားသမ္မတပူတင်က အချိန်ကိုကစားနေသည်ဟု ယူကရိန်းသမ္မတ စွပ်စွဲ ပြောဆို

ရုရှားသမ္မတပူတင်သည် ယူကရိန်းနယ်မြေများကို သိမ်းပိုက်နိုင်ရန်နှင့် ယူကရိန်း၌ဖြစ်ပွားနေသည့် စစ်ပွဲကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် အချိန်ကိုကစားနေသည်ဟု ယူကရိန်းသမ္မတဇီလန်စကီးက စွပ်စွဲပြောဆို ခဲ့ပါသည်။ 

ထို့အပြင် ရုရှားနှင့်ယူကရိန်းကြားဖြစ်ပွားနေသည့် စစ်ပွဲသည် စေ့စပ် ညှိနှိုင်းရေးစားပွဲဝိုင်းတွင် ပြီးဆုံးသွားမည်ဆိုသည်ကို သံသယ မရှိကြောင်းလည်း ဇီလန်စကီးကပြောကြားခဲ့ပါသည်။ သို့သော်လည်း စေ့စပ် ညှိနှိုင်းရေး စားပွဲပေါ်တွင် ရှင်းလင်းပြီးလက်တွေ့ဆန်သော အဆိုပြုချက်များ ရှိနေရမည် ဟုလည်း ဇီလန်စကီးကပြောကြားခဲ့ပါသည်။ ထို့နောက် ရုရှားအပေါ် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများ ပိုမိုလုပ်ဆောင်ရန် ဇီလန်စကီးက တောင်းဆိုခဲ့ကြောင်းလည်း သိရပါသည်။ 

ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းလမ်းများမှတစ်ဆင့် ၎င်း၏ ရည်မှန်းချက် ပန်းတိုင်ကိုရရှိရန် ရုရှားကလမ်းဖွင့်ထားဆဲဖြစ်သည်ဟုရုရှားအစိုးရကပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် ဇီလန်စကီး၏ ပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ 

ရုရှား၏ ရည်မှန်းချက်ပန်းတိုင်များထဲတွင် ယူကရိန်းကနေတိုးအဖွဲ့၌ မပါဝင်ရေး၊ ရုရှားလူမျိုးများအပေါ် ခွဲခြားဆက်ဆံသည့် ယူကရိန်း၏ မူဝါဒများ အဆုံးသတ်ရေးနှင့် ယူကရိန်းအမျိုးသားရေးဝါဒီအုပ်စုများ၏ဩဇာလွှမ်းမိုးမှုကို တားဆီးရေးတို့ပါဝင်ကြောင်းလည်း ရုရှားအစိုးရက ပြောကြားခဲ့ပါသည်။

ကိုးကား- NP News