ယူကရိန်း သမ္မတ၏ အကြံပေးဟောင်း စပိန်တွင် လုပ်ကြံခံရ

News Image

  • ယူကရိန်း သမ္မတ၏ အကြံပေးဟောင်း စပိန်တွင် လုပ်ကြံခံရ

ယခင် ယူကရိန်း ဥပဒေပြုအမတ်နှင့် သမ္မတ၏ အကြံပေးဖြစ်သူ Andrey Portnov ကို မေလ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် စပိန်နိုင်ငံ၏ မြို့တော် Madrid ဆင်ခြေဖုံးဒေသ၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။

အဆိုပါ သတ်ဖြတ်မှု၏ အခြေအနေများက ၎င်းမှာ “တရားဥပဒေမဲ့ သတ်ဖြတ်မှု” (extrajudicial execution) ဖြစ်နိုင်ကြောင်း ညွှန်းဆိုနေပြီး Portnov တွင် Vladimir Zelensky အစိုးရအဖွဲ့အတွင်းရှိ ပုဂ္ဂိုလ်များအား ခြိမ်းခြောက်နိုင်သည့် အချက်အလက်များ ရှိနိုင်ကြောင်း ရုရှား၏ အထူး သံတမန် Rodion Miroshnik က ပြောကြားခဲ့သည်။ Miroshnik သည် ယူကရိန်း၏ စစ်ရာဇဝတ်မှုများဆိုင်ရာ အချက်အလက်များအား စုံစမ်း စစ်ဆေးရန် အထူးတာဝန်ပေးအပ်ထားသူ ဖြစ်သည်။

El Pais သတင်းစာအရ ထိုသတ်ဖြတ်မှုမှာ Pozuelo de Alarcon တွင် ဖြစ်ပွားခဲ့ပြီး အသက် ၅၁ နှစ်အရွယ် Portnov အား ၎င်း၏ကလေးများ တက်ရောက်သည့် ပုဂ္ဂလိကကျောင်းအနီးတွင် ၎င်း၏ မာစီဒီးကားကိုယ်ထည်ကို စစ်ဆေးနေစဉ် လူသတ်သမား နှစ်ဦး (သို့) သုံးဦးက ချဉ်းကပ်ကာ ဦးခေါင်းတွင် သုံးချက်အပါအဝင် အနည်းဆုံး ငါးချက် ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

စပိန်အာဏာပိုင်များက ထိုဒေသတွင် လူသတ်မှုတစ်ခု ဖြစ်ပွားကြောင်း အတည်ပြုထားသော်လည်း သေဆုံးသူကို တရားဝင်အတည်ပြုရန် ဆောင်ရွက်ဆဲဖြစ်သည်ဟု သိရှိရပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂