အီတလီကုန်သွယ်ရေးအသင်းက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ရပ်ဆိုင်းရန် တောင်းဆို

News Image

  • အီတလီကုန်သွယ်ရေးအသင်းက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ရပ်ဆိုင်းရန် တောင်းဆို

အီတလီ-ရုရှား ကုန်သွယ်ရေးအသင်း (Italian-Russian Chamber of Commerce) က ပိတ်ဆို့အရေးယူမှုများသည် နှစ်နိုင်ငံ၏ စီးပွားရေး အကျိုးစီးပွားကို ထိခိုက်နေသည်ဟု ဆိုကာ အီတလီအစိုးရအား ဒဏ်ခတ်မှုများ ရုပ်သိမ်းရန် ဆွေးနွေးမှုစတင်ရေး တိုက်တွန်းလိုက်သည်။

ရုရှားစီးပွားရေးသတင်းစာ RBK နှင့် ဗုဒ္ဓဟူးနေ့ (မေ ၂၁) တွေ့ဆုံ မေးမြန်းခန်းတွင် အဆိုပါအသင်းဥက္ကဋ္ဌ Vincenzo Trani က အထူးသဖြင့် လေကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပိတ်ဆို့မှု များသည် ဆိုးရွားစွာထိခိုက်စေကြောင်း ပြောကြားခဲ့သည်။ အီတလီ၏ ရုရှားသို့ တင်ပို့မှုများ ယူရို ၄ ဘီလီယံ (ဒေါ်လာ ၄.၅ ဘီလီယံ) အထိ ထက်ဝက် ကျဆင်းသွားပြီး အမေရိကန်၏ ဥရောပထုတ်ကုန်များအပေါ် အကောက်ခွန် သစ်များကြောင့် အီတလီကုမ္ပဏီများ ဖိအားပိုများလာကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“လွန်ခဲ့သော ၂ ပတ်က အီတလီဝန်ကြီးချုပ် Giorgia Meloni ၏ ရုံးသို့ အီတလီ-ရုရှား ဆက်ဆံရေးဆိုင်ရာ အရေးကြီးသော ကိစ္စရပ်များကို စဉ်းစားရန် တောင်းဆိုခဲ့ပါသည်၊ မိမိတို့ အစိုးရအား ဤအသင်း၏ ပူးပေါင်းဆောင်ရွက်လိုစိတ်ကို အသိပေးရန် ဖြစ်ပါသည်” ဟု Trani က ပြောကြားခဲ့သည်။

၎င်းက ရုရှားရှိ အမေရိကန်ကုန်သွယ်ရေးအသင်း (AmCham) ဥက္ကဋ္ဌ Robert Agee ၏ လှုပ်ရှားမှုကို နမူနာပြုကာ၊ အထူးသဖြင့် အရပ်ဘက် လေကြောင်းနယ်ပယ်တွင် ဒဏ်ခတ်မှုများ သက်သာခွင့်ပြုရန် မတ်လက ဝါရှင်တန်သို့ အစီရင်ခံစာတင်သွင်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၎င်းအဆိုပြု ချက်တွင် ရုရှားရှိ အနောက်တိုင်းလေယာဉ်များအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် အရန်အစိတ်အပိုင်းများ ပေးပို့ခြင်းတို့ကို တားမြစ်ထားမှုများ ရုပ်သိမ်းရန် တောင်းဆိုထားသည်။

Trani က အဆိုပါအစီအစဉ်ကို အထူးအားပေးကြောင်း ပြောကြားကာ လေကြောင်းဆိုင်ရာ ပိတ်ဆို့မှုများသည် “အလွန်ပင် ကြမ်းတမ်းလွန်းသည်” ဟု ဝေဖန်ခဲ့သည်။ “တစ်စုံတစ်ခုဖြစ်လာပါက ထိုအရေးယူမှုများ ချမှတ် ခဲ့သည့် နိုင်ငံများက တာဝန်ယူရမည်” ဟု ၎င်းက သတိပေး ပြောကြား ခဲ့သည်။

တွေ့ဆုံမေးမြန်းစဉ် Trani က အီတလီအစိုးရအဖွဲ့၏ ယခင်ဝန်ကြီးချုပ် Mario Draghi ၏ “အီတလီသည် ရုရှားစွမ်းအင်အစားထိုးနိုင်သည်” ဟူသော ပြောဆိုချက်ကိုလည်း မေးခွန်းထုတ်ခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂