ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ၏ သတိပေးမှုကြောင့် အစိုးရအဖွဲ့ ခေါင်းဆောင်ယူနွတ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖော်ဆောင်ရေးအစီအစဉ်ကို နောက်ဆုတ်

News Image

  • ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ၏ သတိပေးမှုကြောင့် အစိုးရအဖွဲ့ ခေါင်းဆောင်ယူနွတ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖော်ဆောင်ရေးအစီအစဉ်ကို နောက်ဆုတ်

ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲ၏ သတိပေးမှုကြောင့် အစိုးရအဖွဲ့ ခေါင်းဆောင် မိုဟာမက်ယူနွတ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုစင်္ကြံ ဖော်ဆောင်ရေးအစီအစဉ်ကို နောက်ဆုတ်လိုက်ကြောင်း India Today သတင်းတွင် ဖော်ပြခဲ့သည်။ အဆိုပါစင်္ကြံကို အကောင်အထည်ဖော်ရန် ကုလသမဂ္ဂက ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့ကို အကြံပြုခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအကြံပေး တူဟစ်ဟော့စိန်က ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့သည် ကုလသမဂ္ဂ၏ အကြံပြုချက်ကို သဘောတူကြောင်း ကြေညာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝါကာအုဇ်ဇာမန်က ထိုစင်္ကြံကို သွေးစွန်းသောစင်္ကြံဟု ခေါ်ဆိုခဲ့သည်။ ထိုစင်္ကြံသည် ဘင်္ဂလားဒေ့ရှ်၏ အချုပ်အခြာအာဏာကို ထိခိုက်စေနိုင်ပြီး အမေရိကန်၏ ပထဝီမဟာဗျူဟာအသာစီးရရှိရန် အားထုတ်ကြိုးပမ်းမှု ဖြစ်ကြောင်း နိုင်ငံအတွင်း စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။

ရခိုင်စင်္ကြံဟုလည်း လူသိများသည် ထိုအစီအစဉ်နှင့်ပတ်သက်ပြီး စိုးရိမ် မှုများ မြင့်တက်နေသည့်တိုင် ယူနွတ်နှင့်၎င်း၏သစ္စာခံများသည် ရွေးကောက်ပွဲ မလုပ်ဘဲ အာဏာတည်မြဲစေရန်အတွက် အမေရိကန်၏ တောင်းဆိုချက် ကို လိုက်လျောနေခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်စစ်တပ်က နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိခိုက် စေမည့် မည်သည့်လှုပ်ရှားမှုကိုမဆို မည်သည့်အခါမျှ ပါဝင်မည် မဟုတ်ပါ” ဟု ဗိုလ်ချုပ်ကြီးဇာမန်က မေ ၂၂ ရက်တွင် ယာယီအစိုးရအဖွဲ့ကို သတိပေးခဲ့သည်။

“မည်သည့်လုပ်ရပ်မဆို အမျိုးသားအကျိုးစီးပွားအတွက် ဦးစားပေး ရပါမည်။ ဘာပဲလုပ်လုပ် နိုင်ငံရေးသဘောတူညီချက် ရရှိရပါမည်” ဟု ဇာမန်က ပြောကြားခဲ့သည်ဟု Dhaka Tribune သတင်းစာက ဖော်ပြ ခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲကို ဆောလျင်စွာ ကျင်းပပေးရန်၊ စစ်တပ် အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊ ရခိုင်စင်္ကြံကဲ့သို့ အဓိက အရေးကိစ္စများတွင် စစ်တပ်ကို အသိပေးအကြောင်းကြားရန် ဇာမန်က ယူနွတ်ကို တိုက်တွန်းခဲ့သည်။ ဘင်္ဂလားဒေ့ရှ်၏ အရှေ့ပိုင်း ချက်တိုဂရမ် တိုင်းဒေသမှ စတင်မည့် အဆိုပါစင်္ကြံသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ အရပ်သားများကို အကူအညီများပေးပို့မည့် လမ်းကြောင်းတစ်ခုအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP)နှင့် အခြား နိုင်ငံရေးပါတီများကလည်း နိုင်ငံအတွင်း အဆိုပါစင်္ကြံဖော်ဆောင်ရေးအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ယင်းအစီအစဉ်သည် တစ်ဖက်သတ်ဆန်ပြီး တရားမဝင်ကြောင်း ပြောကြားခဲ့ကြသည်။ အဆိုပါစင်္ကြံသည် တရုတ်ကို တန်ပြန်ရန် အမေရိကန်၏ သြဇာအာဏာလွှမ်းမိုးရေးအစီအစဉ်၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။

စင်စစ်တွင် အမေရိကန်နှင့် ကုလသမဂ္ဂတို့၏ အကြံပြုချက်သည် ဘင်္ဂလားဒေ့ရှ် နှင့် မြန်မာနိုင်ငံတို့၏ အချုပ်အခြာအာဏာကို ဆိုးရွားစွာ ထိခိုက်မှုအပါအဝင် ကြီးမားသည့် စိုးရိမ်မှုများကို ဖြစ်စေကြောင်း အဆိုပါ စင်္ကြံကို ပြည်ပသြဇာလွှမ်းမိုးမှု၊ စစ်ရေးနှင့် ထောက်လှမ်းရေး အထောက် အပံ့များအတွက် အသုံးပြုနိုင်ခြေရှိသည့်အလားအလာအတွက် စိုးရိမ်မှု များ မြင့်တက်နေကြောင်း Dhaka Tribune သတင်းစာက ဖော်ပြ ခဲ့သည်။

ဗိုလ်ချုပ်ကြီး ဇာမန်၏ ပြင်းထန်သည့် သတိပေးမှုအပြီးတွင် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ခါလီလာ ရာမန်က အစိုးရအဖွဲ့သည် ထိုစင်္ကြံအစီအစဉ်ကို မည်သည့်ပါတီနှင့်မျှ ဆက်လက်ဆွေးနွေးတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- Eleven Media Group