အမေရိကန်က ကာတာလှူဒါန်းသည့် ခရီးသည်တင်လေယာဉ်အား လက်ခံမှုကြောင့် အမေရိကန် နိုင်ငံရေး လောက၏ ဝေဖန်မှုခံရ

News Image

  • အမေရိကန်က ကာတာလှူဒါန်းသည့် ခရီးသည်တင်လေယာဉ်အား လက်ခံမှုကြောင့် အမေရိကန် နိုင်ငံရေး လောက၏ ဝေဖန်မှုခံရ

ထရမ့်အစိုးရသည် ကာတာနိုင်ငံ အစိုးရက လှူဒါန်းပေးအပ်သည့် ဘိုးရင်း (Boeing) 747 ခရီးသည်တင် လေယာဉ်တစ်စင်းအား တရားဝင်လက်ခံခဲ့ပြီးဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါဆုံးဖြတ်ချက်သည် အမေရိကန် နိုင်ငံရေးလောက၏ ဝေဖန်ခြင်းခံခဲ့ ရသည်။

အဆိုပါလေယာဉ်လက်ခံခြင်းသည် “ဖက်ဒရယ် စည်းမျဉ်းစည်းကမ်းစနစ်အားလုံးနှင့် ကိုက်ညီကြောင်း” အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Sean Parnell က ထိုနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ လေယာဉ် “သင့်တော်သော လုံခြုံရေးအစီအမံနှင့် လုပ်ဆောင်ချက်တာဝန် တောင်းဆိုချက်” နှင့် ကိုက်ညီအောင် ကြိုးပမ်း ဆောင်ရွက်၍ သမ္မတ ဘေးကင်းလုံခြုံစွာအသုံးပြုနိုင်ရေးအား အာမခံပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထရမ့်ကိုယ်တိုင်ကလည်း အဆိုပါလှူဒါန်းမှုအား လက်ခံရန်အတွက် အကြိမ်များစွာ ကာကွယ် ပြောကြား ခဲ့ပြီး အဆိုပါလေယာဉ်သည် အမေရိကန်အစိုးရပိုင် ဖြစ်မည်ဟု ဆိုခဲ့သည်။ ထရမ့်သည် ထိုမတိုင်မီက ၎င်းအား သမ္မတအထူးလေယာဉ်အသစ် “Air Force One” အဖြစ် ပြောင်းလဲတပ်ဆင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ထရမ့်အစိုးရက ကာတာနိုင်ငံ လှူဒါန်းပေးအပ်သည့် ခရီးသည်တင်လေယာဉ် လက်ခံမှုကြောင့် အမေရိကန် နိုင်ငံရေးလောက၌ အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။ အကဲဖြတ်ဝေဖန်သူပုဂ္ဂိုလ်များက အဆိုပါလုပ်ရပ်သည် အမေရိကန်သမ္မတအား လာဘ်ထိုးခြင်းပင်ဖြစ်ပြီး အမေရိကန် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် နိုင်ငံခြား လှူဒါန်း ပေးအပ်မှု လက်ခံခြင်းအား တားမြစ်ထားသည့် စည်းကမ်း သတ်မှတ်ချက်ကို ချိုးဖောက်ရာကျကြောင်း ဆိုသည်။

အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Chuck Schumer က “ဒီလို သမိုင်းမှာ မရှိခဲ့ဖူးသည့်လုပ်ရပ်က သမ္မတရာထူးအတွက် အမည်းစက်တစ်ခုပါပဲ” ဟုဆိုခဲ့သည်။ ကာတာနိုင်ငံက လှူဒါန်း ပေးအပ်သည့် ခရီးသည်တင်လေယာဉ်အား “Air Force One” အဖြစ် ပြောင်းလဲတပ်ဆင်ရာတွင် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ကုန်ကျမည်ဖြစ်ပြီး နှစ်အနည်းငယ်ကြာ အချိန်လိုအပ်မည်ဖြစ်ကြောင်း ပညာရှင်များက ဆိုကြသည်။

ကိုးကား- ဆင်ဟွာ