ထရမ့်နှင့် တောင်အာဖရိက သမ္မတ တွေ့ဆုံဆွေးနွေးစဉ် အငြင်းပွားမှု ဖြစ်ပွား

News Image

  • ထရမ့်နှင့် တောင်အာဖရိက သမ္မတ တွေ့ဆုံဆွေးနွေးစဉ် အငြင်းပွားမှု ဖြစ်ပွား

အမေရိကန်သမ္မတ ထရမ့်သည် အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်ရောက်ရှိနေသော တောင်အာဖရိက သမ္မတ Cyril Ramaphosa နှင့် မေ ၂၁ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးစဉ် တောင်အာဖရိကတွင် “လူဖြူများအား ပစ်မှတ်ထားသော လူမျိုးတုန်း သတ်ဖြတ်မှု” ဖြစ်လျက် ရှိသည်ဟု စွပ်စွဲသော ဗီဒီယိုနှင့် သတင်းတချို့ကို ရုတ်တရက် ပြသခဲ့သည်။ ယင်းနှင့်စပ်လျဉ်း၍ Ramaphosa က တောင်အာဖရိကရှိ လူဖြူ များ အကြမ်းဖက်မှုမှ ထွက်ပြေးနေရခြင်း၊ “လူမျိုးရေးဝါဒ”ဥပဒေဟူသော ထရမ့်၏ ပြောကြားချက်များသည် အခြေအမြစ်မရှိကြောင်း ချက်ချင်း ငြင်းဆိုခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးမှုကို အမေရိကန်မီဒီယာများက “ချုံခိုတိုက်ခိုက်”သည့် တွေ့ဆုံဆွေးနွေးမှုဟု ခေါ်ကြပြီး ထိုတွေ့ဆုံဆွေးနွေးမှု၌ ထရမ့်၏ ရုတ်တရက်လုပ်ရပ်များက မူလတွင် အဆိုပါခရီးစဉ်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေလိုသည့် Ramaphosa အား အလွန်အံ့အားသင့်စေခဲ့သည်။ တောင် အာဖရိကတွင် လူမျိုးစုအားလုံးသည် အကြမ်းဖက်မှုဒဏ်ကိုခံစားရပြီး ၎င်းတို့အနက် လူမည်းများသည် အဆိုးရွားဆုံးထိခိုက်ခံရသူများဖြစ်ကြောင်း Ramaphosa က ပြောကြားခဲ့သည်။

ယခုနှစ်မှစ၍ တောင်အာဖရိကနှင့် အမေရိကန် ဆက်ဆံရေးသည် အစဉ်တင်းမာလျက်ရှိသည်။ ထရမ့်က ဖေဖော်ဝါရီလတွင် တောင်အာဖရိက ထုတ်ပြန်ခဲ့သော “နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်း ဥပဒေမူကြမ်း” အသစ် ကို အကြီးအကျယ် ပြစ်တင်ပြောဆိုခဲ့ပြီး တောင်ဖရိက အစိုးရ၏ “မြေများ နိုင်ငံပိုင်အဖြစ်သိမ်းခြင်း” သည် တောင်အာဖရိကရှိ လူဖြူများအပေါ် “လူမျိုးရေး ခွဲခြားဆက်ဆံခြင်း” ဖြစ်ပေါ်စေသည်ဟု စွပ်စွဲကာ တောင် အာဖရိကအပေါ် ကူညီထောက်ပံ့မှုများအား ဖြတ်တောက်ကြောင်း ကြေညာသည့် အမိန့်ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

မတ်လတွင် တောင်အာဖရိကဆိုင်ရာ အမေရိကန်သံအမတ် Ebrahim Rasool သည် ဆွေးနွေးပွဲ တစ်ခု၌ ထရမ့်သည် ကမ္ဘာလုံးဆိုင်ရာ လူဖြူထိပ်တန်းဝါဒလှုပ်ရှားမှုကို ဦးဆောင်နေသည်ဟု ပြောဆိုခဲ့သည့်အတွက် အမေရိကန်ဘက်၏ နှင်ထုတ်ခြင်းကိုခံခဲ့ရသည်။ အမေရိကန်နိုင်ငံက ယခုနှစ် တောင်အာဖရိက ကြီးမှူး ကျင်းပမည့် G20 အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးအဆင့်ဖြစ်စေ၊ သမ္မတအဆင့်ဖြစ်စေ တက်ရောက်မည် မဟုတ်ကြောင်း၊ အကြောင်းမှာ တောင်အာဖရိကသည် အမေရိကန်၏ မူဝါဒများနှင့် အစဉ်အမြဲ ကိုက်ညီခြင်း မရှိသောကြောင့်ဖြစ်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက မေ ၂၀ ရက် အမျိုးသား လွှတ်တော် ကြားနာပွဲတစ်ခု၌ ပြောကြားခဲ့သည်။

အမေရိကန်၏ တောင်အာဖရိကဆိုင်ရာ အမိန့်ကြေညာချက်က ကောက်ချက်ချသော အခြေခံအဆို များသည် “လက်တွေ့ မှားယွင်းမှုများပါဝင်” နေပြီး တောင်အာဖရိက၏ ကိုလိုနီစနစ်နှင့် လူမျိုးရေး ခွဲခြားမှု၏ နာကျင်ဖွယ်ရာ သမိုင်းကြောင်းကို လျစ်လျူရှုထားကြောင်း တောင်အာဖရိက နိုင်ငံတကာ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ယခုနှစ် ဖေဖော်ဝါရီတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “မိမိတို့၏ နိုင်ငံကို ပုံရိပ်ချရန် ရည်ရွယ်ပြီး လွဲမှားသည့်သတင်းများဖြန့်ဝေသည့် နိုင်ငံရေးဝါဒဖြန့်ချိရေး လှုပ်ရှားမှုများ အပေါ် စိုးရိမ်ပူပန်မိပါသည်။ စိတ်ပျက်စရာကောင်းတာတစ်ခုက ဒီလိုဇာတ်ကြောင်းပြန်သည့်ပုံစံမျိုးကို အမေရိကန် ဆုံးဖြတ်ချက်ချမှတ်သူတွေဆီမှာ အသိမှတ်ပြုခံထားရဖွယ်ရှိသည်” ဟု ဖော်ပြထားသည်။

ကိုးကား- ဆင်ဟွာ