ရုရှားက ယူကရိန်းမှ အသေခံဒရုန်း အစင်းရေ ၁၅၀ ကျော်ကို တစ်ရက်အတွင်း ပစ်ချရဟုဆို
ရုရှားနိုင်ငံ၏လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့သည် ပြီးခဲ့သည့် တစ်ရက်တာ ကာလအတွင်း ယူကရိန်းမှလာရောက် တိုက်ခိုက်သည့် အသေခံဒရုန်းအစင်းရေ ၁၅၀ ကျော်ကိုပစ်ချလိုက်ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မေလ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
မေလ ၂၅ ရက် နံနက် ၁၀ နာရီမှ ၂၆ ရက်နံနက် ၈ နာရီအထိ ဒရုန်းအစင်းရေ ၁၄၈ စင်းကိုပစ်ချနိုင်ကာ ယင်းနောက်ပိုင်းတွင် ဒရုန်းငါးစင်းကို ထပ်မံပစ်ချနိုင်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံသည် ရုရှားအပေါ်ဒရုန်း ဖြင့် တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည့်အပြင် ယခင်ကညပိုင်းမှ လုပ်ဆောင်သည့် တိုက်ခိုက်မှုများကိုလည်း နေ့ပိုင်းတွင် ပြောင်းလဲ လုပ်ဆောင်လာနေကြောင်း၊ ယခုတိုက်ခိုက်မှုများကြောင့် မေလ ၂၅ ရက်တွင် ရုရှားနိုင်ငံ တူလာဒေသရှိ ဘုရားရှိခိုးကျောင်း တစ်ခု၏အမိုးကိုထိမှန်ပြီး မီးလောင်မှုဖြစ်ပွားရကြောင်း မျက်မြင်တွေ့ရှိသူများနှင့် တာဝန်ရှိသူများက ပြောသည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် ရုရှားနိုင်ငံ နှင့်ပေါင်းစည်းလာသည့် ခု(စ်)ဒေသသို့ ရုရှားသမ္မတဗလာဒီမာပူတင် သွားရောက်စဉ် ၎င်းစီးနင်းလာသော ရဟတ်ယာဉ်ကို ယူကရိန်းဘက်က ဒရုန်းများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ရန် လုပ်ဆောင်မှုအပြီးတွင်ရုရှားက ယူကရိန်းနိုင်ငံအတွင်းရှိ ဒရုန်းတပ်ဆင် ထုတ်လုပ်ရေး စက်ရုံအပါအဝင် စစ်ရေးပစ်မှတ် အများအပြားကို တာဝေး တိုက်ခိုက်မှုများ လုပ်ဆောင်ထားသည်။ ယူကရိန်းဘက်က ထိုကဲ့သို့တိုက်ခိုက်မှုများ လုပ်လာခြင်းသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖျက်လိုဖျက်ဆီး လုပ်ရာရောက်ကြောင်း သိရသည်။
Source: Myawady Web Portal