ထိပ်တန်း ရုရှားလွှတ်တော်အမတ်က Telegram တည်ထောင်သူ Durov အား ပြင်သစ်နိုင်ငံမှ ထွက်ခွာရန် အကြံပြု
ရုရှားလွှတ်တော်ကာကွယ်ရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ Aleksey Zhuravlev က Telegram ပလက်ဖောင်း၏ တည်ထောင်သူ Pavel Durov အား ပြင်သစ်နိုင်ငံမှ အမြန်ဆုံးထွက်ခွာရန် အကြံပြုလိုက်သည်။ Durov က ပြင်သစ်နိုင်ငံ၏ နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့ (DGSE) မှ ၎င်း၏ပလက်ဖောင်းပေါ်ရှိ ရှေးရိုးစွဲအမြင်ရှိသူများ၏ ပို့စ်များကို စိစစ် ဖြတ်တောက်ရန် ဖိအားပေးခဲ့သည်ဟု စွပ်စွဲထားသည်။
မေလအစောပိုင်းက Durov က DGSE သည် Telegram တွင် စိစစ် ဖြတ်တောက်မှုများ ပြုလုပ်ရန် တွန်းအားပေးကာ ရိုမေးနီးယား ရွေး ကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲခဲ့ပြီး ၎င်းက DGSE ၏ တောင်းဆိုမှုကို ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။ ထိုထောက်လှမ်းရေးအဖွဲ့က အဆိုပါ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သော်လည်း Durov က ပြင်သစ်အစိုးရအား “အကြမ်းဖက်မှု” နှင့် “ကလေးသူငယ် ညစ်ညမ်းပို့စ်များ” စုံစမ်းစစ်ဆေးမှုများကို အကြောင်းပြု၍ နိုင်ငံရေး အစီအစဉ်များတွင်ပါဝင်စေရန် အလွဲသုံးစားပြုနေသည်ဟု ထပ်မံပြောဆို ခဲ့သည်။
ရုရှားလွှတ်တော်၏ ကာကွယ်ရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ Zhuravlev က “၎င်းအနေဖြင့် အခွင့်အရေးတစ်ခုရသည်နှင့် ပြင်သစ်ကနေ ထွက်သွားရန် အကြံပေးချင်ကြောင်း၊ အထူးသဖြင့် ပြင်သစ် ထောက်လှမ်းရေး များ၏ တောင်းဆိုမှုများကို ဆက်လက်ငြင်းဆန်နေမည်ဆိုပါက အကျဉ်းကျ ခံရနိုင်ခြေက အရမ်းများနေပါကြောင်း” RIA Novosti သတင်းဌာနနှင့်တနင်္ဂနွေနေ့ (မေ ၂၅) က ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြား ခဲ့သည်။
Dubai အခြေစိုက် Telegram ၏ တည်ထောင်သူ Pavel Durov အား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတွင် ပြင်သစ်နိုင်ငံ၌ အစွန်းရောက်ဝါဒနှင့် ကလေး သူငယ်နှိပ်စက်ညှဉ်းပန်းမှုအပါအဝင် Telegram အသုံးပြုသူများ ကျူးလွန်သည်ဟုဆိုသော ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။ နောက်ပိုင်းတွင် ယူရို ၅ သန်း (အမေရိကန်ဒေါ်လာ ၅.၄၆ သန်း) အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ မတ်လ တွင် UAE သို့ ခရီးသွားခွင့်ပြုခံရသည့်တိုင် အမေရိကန်သို့ လတ်တလော ခရီးစဉ်အတွက် တောင်းဆိုမှုကို ငြင်းဆန်ခံခဲ့ရပြီး ကန့်သတ် ထိန်းချုပ်မှု အောက်တွင် ရှိနေဆဲဖြစ်သည်။
Zhuravlev က “Durov ကိုယ်တိုင်ပြောခဲ့သလိုပဲ ပြင်သစ် နိုင်ငံခြား ထောက်လှမ်းရေး DGSE က Telegram ကို ရိုမေးနီးယားရှိ လက်ယာယိမ်းနိုင်ငံရေးသမားများကို ဆန့်ကျင်ရန် စည်းရုံးမှုတစ်ခု ပြုလုပ်ရန် တောင်းဆိုခဲ့ပါသည်” ဟု ပြောကြားခဲ့ပြီး Durov ၏ လွတ်မြောက်ခွင့်အခြေအနေနှင့် နိုင်ငံတကာခရီးသွားလာခွင့် အကန့်အသတ်ခံနေရမှုကို မေးခွန်းထုတ်ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂