ထရမ့်က ဥရောပသမဂ္ဂသို့ ၅၀ ရာခိုင်နှုန်း အကောက်ခွန် တင်သွင်းမည့် အစီအစဉ်ကို ဇူလိုင် ၉ ရက်အထိ ရွှေ့ဆိုင်း

News Image

  • ထရမ့်က ဥရောပသမဂ္ဂသို့ ၅၀ ရာခိုင်နှုန်း အကောက်ခွန် တင်သွင်းမည့် အစီအစဉ်ကို ဇူလိုင် ၉ ရက်အထိ ရွှေ့ဆိုင်း

သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့ (မေ ၂၅) တွင် ဥရောပသမဂ္ဂမှ တင်သွင်းကုန်ပစ္စည်းများအပေါ် ၅၀% အကောက်ခွန် စည်းကြပ်မှုကို ဇူလိုင် ၉ ရက်အထိ ရွှေ့ဆိုင်းရန် သဘောတူညီခဲ့ကြောင်း ပြောကြား ခဲ့သည်။ ထရမ့်သည် မကြာခဏဆိုသလို အကောက်ခွန်များ စည်းကြပ်မည် ဟု ကြေညာကာ စျေးကွက်များကို ရှုပ်ထွေးစေပြီးနောက် ခြိမ်းခြောက်မှု များကို နောက်ဆုတ်လေ့ရှိသည်။

ထရမ့်က ၎င်းနှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန် တို့သည် အလွန်ကောင်းမွန်သောဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး ယင်းမှတစ်ဆင့် အကောက်ခွန်ရွှေ့ဆိုင်းမှုကို သဘောတူခဲ့ကြောင်း ပြောကြားခဲ့သည်။

“ဗွန်ဒါလိုင်ယန် က အချိန်ယူပြီး တကယ့်ညှိနှိုင်းမှုတွေ လုပ်ချင်ကြောင်း ပြောပါသည်” ဟု နယူးဂျာစီပြည်နယ်၊ မော်ရစ်စ်တောင်းမြို့ လေဆိပ်တွင် ထရမ့်က သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဇူလိုင် ၉ ရက်က သူမတောင်းဆိုသည့် ရက်ဖြစ်ပါသည်၊ ဇွန် ၁ ရက်ကနေ ဇူလိုင် ၉ ရက်အထိ ရွှေ့၍ရနိုင်မည်လား မေးမြန်းမှုအပေါ် ကျွန်တော်က သဘောတူလိုက်ပါသည်” ဟု ၎င်းက ထပ်မံ ပြောကြားခဲ့ပါသည်။

“သူမက အမြန်ဆုံးတွေ့ဆုံပြီး တစ်ခုခု အဖြေရှာရန် ကြိုးစားမည်ဟု ပြောပါသည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

သောကြာနေ့ (မေ ၂၃) ကပင် ထရမ့်က ဥရောပသမဂ္ဂနှင့် သဘော တူညီချက် ရှာဖွေနေခြင်း မဟုတ်ကြောင်း၊ ၅၀% အကောက်ခွန်နှုန်းကို ဇွန် ၁ ရက်မှစ၍ စတင်အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ယခင်က ဧပြီလတွင် ဥရောပသမဂ္ဂအပေါ် ၂၀% အကောက်ခွန် စည်းကြပ်ရန် ကြေညာခဲ့သော်လည်း ယင်းကိုလည်း အခြားသော “တန်ပြန် အကောက်ခွန်” များနည်းတူ ရွှေ့ဆိုင်းခဲ့ဖူးသည်။

သတင်းထောက်များနှင့် စကားပြောပြီး မိနစ်ပိုင်းအကြာတွင် ထရမ့်က Truth Social တွင် “ဆွေးနွေးမှုများကို အမြန်ဆုံး စတင်မည်” ဟု ရေးသားခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂