ထိုင်းတွင် တစ်ပတ်အတွင်း Covid ကူးစက်ခံရသူ ၅၃, ဝဝဝ ကျော်ရှိဟုဆို

News Image

  • ထိုင်းတွင် တစ်ပတ်အတွင်း Covid ကူးစက်ခံရသူ ၅၃, ဝဝဝ ကျော်ရှိဟုဆို

ထိုင်းနိုင်ငံတွင် မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ တစ်ပတ်တာ ကာလအတွင်း Covid-19 ရောဂါကူးစက်မှု ၅၃,၅ဝဝ ကျော်ရှိခဲ့ပြီး ဘန်ကောက်မြို့တွင် အများဆုံးတွေ့ရှိရကြောင်း ထိုင်းအခြေစိုက် သတင်းများ၏ ဖော်ပြမှုအရ သိရသည်။

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မေလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၅၃,၅၆၃ ဦးရှိခဲ့သည်ဟု သိရပြီး ဘန်ကောက်တွင် ရောဂါပိုးတွေ့ရှိသူ ၉,၅၃၉ ဦးဖြင့် အများဆုံး ဖြစ်ကာ ချွန်ဘူရီတွင် (၃,၃၇၉ဦး) ၊ စမုပရာကန်တွင် (၂,၄၉၁ ဦး) ၊ နွန်ထဘူရီတွင် (၂,၂၇၈ ဦး) နှင့် ရယောင်းတွင် (၂,၂၁၀ ဦး) ဦးတို့ ပါဝင်သည် ဟု ဆိုသည်။ 

ထိုအထဲမှ ၅ ဦးသေဆုံးကာ ဆေးရုံတက်ရောက်ကုသခံရသူ ၂,၈၂၇ ဦးနှင့် ပြင်ပလူနာ ၅ဝ,၇၃၆ ဦးရှိကြောင်းနှင့် အဆိုပါ Covid-19 ရောဂါပိုး ကူးစက်ခံရသူများတွင် အသက် ၃ဝ-၃၉ နှစ်ကြားရှိ လူနာ ၁ဝ,၇၄ဝ ဦးဖြင့် အများဆုံးအုပ်စုဖြစ်ပြီး အသက် ၂ဝ-၂၉ နှစ်ကြား (၉,၅၂၇ ဦး) ၊ အသက် ၆ဝနှင့်အထက် (၈,၁၀၇ ဦး) နှင့် အသက်လေးနှစ်အောက် ကလေးငယ် (၄,၁၁၇) ဦးတို့ဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

စမုပရာကန်တွင် Covid-19 ကူးစက်မှုများ မြင့်တက်လာမှုကြောင့် ဘန်ဖလီ ခရိုင်ရှိ Ratwinit Bangkaeo ကျောင်းကို မေလ ၂၆ ရက်နေ့ (တနင်္လာနေ့)မှ မေလ ၂၈ ရက်နေ့(ဗုဒ္ဓဟူးနေ့)အထိ အွန်လိုင်း သင်ကြားရေး သို့ ပြောင်းလဲခဲ့သည်ဟု သိရပြီး ရောဂါထိန်းချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ ထိုင်းတစ်နိုင်ငံလုံးတွင် ၂ဝ၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ Covid-19 ကူးစက်မှု ၁၈၆,၉၅၅ ဦးရှိခဲ့ပြီး ၄၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား- MHT