အချုပ်အခြာအာဏာကိုကာကွယ်ရေးအတွက် တရုတ်စစ်သည်များက ဟွမ်းယန်ကျွန်းအနီးကင်းလှည့်
တရုတ်စစ်သည်များက နိုင်ငံတော်၏ အချုပ်အခြာအာဏာကိုကာကွယ်နိုင်ရေးနှင့် နိုင်ငံ၏ပိုင်နက်နယ်မြေကို ပိုမိုထိန်းချုပ်နိုင်ရေးတို့အတွက် ဟွမ်းယန်ကျွန်းအနီး၌ ကင်းလှည့်မှုများ လုပ်ဆောင်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။
တရုတ်တပ်မတော်နှင့်ကမ်းခြေစောင့် တပ်ဖွဲ့မှစစ်သည်များက ဟွမ်းယန်ကျွန်းအနီးရှိ ရေပြင်နှင့်ဝေဟင်တို့တွင် တိုက်ပွဲ ဝင်ရန်အသင့်ရှိကြောင်း ပြသသည့်ကင်းလှည့်မှုကို မေလ ၃၁ ရက်တွင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ဆက်လက်ဖော်ပြထားသည်။
တရုတ်စစ်သည်များအနေဖြင့် နန်ရှားကျွန်းစုအနီးရှိရေပြင်တွင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနကဖော်ပြပြီး နောက်တစ်ရက်တွင် ယခုကဲ့သို့ကင်းလှည့်မှုကိုဆောင်ရွက်ခြင်းဖြစ်သည်။
ရေပြင်ပိုင်နက်ကို ပိုမိုထိန်းချုပ်နိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်မှု၏တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံတောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်က အဆိုပါကင်းလှည့်မှုကိုလုပ်ဆောင်ခြင်းဖြစ်ကြောင်း ထိုဌာနချုပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့အတူ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း အဆိုပါကင်းလှည့်မှုတွင်ပါဝင်ကာ ရေပြင်ပိုင်နက်အတွင်းသို့ ဝင်လာသည့် သင်္ဘောများကို စောင့်ကြည့်၊ သတိပေး၊ နှင်ထုတ်ခြင်းများလုပ်ဆောင်သည်။
တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ကမ်းခြေစောင့်တပ်ဖွဲ့ပိုင်ယာဉ်များက ထိတွေ့မှုဖြစ်ပွားပြီးနောက် ဟွမ်းယန်ကျွန်း အနီးတွင် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်အင်အားပြုမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
Ref: SCMP
Source: Myawady Web Portal