မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ပညာရေးဝန်ထမ်း နှစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ ကိုးဦးအား ဖမ်းဆီးခေါ်ဆောင်
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၄ ရက် နံနက် ၅ နာရီတွင် မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကျောက်တဲကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်(စိစစ်ဆဲ)က လက်နက်ငယ်များ ကိုင်ဆောင်ကာ CANTER ခြောက်ဘီးမော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြဆရာမဖြစ်သူ ဒေါ်သန်းသန်းဝင်း၊ တစ်ရွာတည်းနေသူများဖြစ်ကြသည့် ဦးတင်စိန်၊ ဒေါ်ကြည်ဆင့်၊ ဦးသန်းကြံ၊ ဦးဘိုမြင့်နှင့် ဦးတင်ထွန်းတို့ ခြောက်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ကျေးရွာအနောက် တောင်ဘက် သုံးမိုင်ခန့်အကွာရှိရေထွက်ကျေးရွာသို့သွားရောက်၍ ရေထွက်ကျေးရွာနေသူများဖြစ်ကြသည့် ဥသျှစ်ကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဖြစ်သူ ဦးအောင်စိန်၊ ဦးမြင့်နိုင်၊ ဦးဝင်းနိုင်၊ ဦးစိန်ကြိုင်နှင့် ဒေါ်ဖဲတို့ ငါးဦးအား ထပ်မံဖမ်းဆီးခဲ့ပြီး စုစုပေါင်း ပညာရေးဝန်ထမ်း နှစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ ကိုးဦးတို့အား ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်ဖြင့် ဖမ်းဆီးတင်ဆောင်ကာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ သနပ်ကုန်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်သမားများ၏ ဖမ်းဆီးခြင်းခံထားရသူအား အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေးနှင့် ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA