အစ္စရေးနှင့် ဟားမက်တို့ ဂါဇာငြိမ်းချမ်းရေးအဆိုပြုချက်ကို သဘောတူညီ
အစ္စရေးနှင့် ဟားမက်တို့သည် အမေရိကန်က အဆိုပြုသည့် နောက်ဆုံး စစ်ရပ်စဲရေးအဆိုကို လက်ခံရန် သဘောတူညီခဲ့ကြောင်း မီဒီယာအချို့က ကြာသပတေးနေ့ (မေ ၂၉) တွင် ဖော်ပြခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဂါဇာတွင် ဟားမက် လက်နက်ကိုင်အဖွဲ့၏ ထိန်းသိမ်းခံဘဝဖြင့် ရှိနေဆဲ ပြန်ပေးဆွဲခံရသူများ ၏ မိသားစုဝင်များနှင့် တွေ့ဆုံစဉ် အမေရိကန်သီးသန့်ကိုယ်စားလှယ် စတိဗ်ဝစ်ကော့ဖ် (Steve Witkoff) မှ အဆိုပြုသည့် စစ်ရပ်စဲရေး လမ်းညွှန်ချက်ကို လက်ခံရန် အဆင်သင့်ဖြစ်ကြောင်း အရိပ်အမြွက် ပြခဲ့သည်။
နောက်ပိုင်းတွင် အာရပ်မီဒီယာများက ဟားမက်ဘက်မှလည်း ယာယီ စစ်ရပ်စဲရေးနှင့် ဂါဇာတွင် ကျန်ရှိနေသော အစ္စရေးပြန်ပေးဆွဲခံရသူများကို လွှတ်ပေးမည့် သဘောတူညီချက်ကို လက်ခံခဲ့ကြောင်း ဖော်ပြခဲ့သည်။
အစ္စရေးသတင်းစာ Haaretz က အမည်ဖော်မပြုလိုသော အစ္စရေး အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ အမေရိကန်၏ အဆိုပြု ချက်တွင် ဟားမက်ထံတွင် အသက်ရှင်ကျန်ရစ်နေသော ပြန်ပေးဆွဲခံရသူ ၁၀ ဦးနှင့် သေဆုံးပြီးအလောင်း ၁၈ လောင်းကို တစ်ပတ်အတွင်း ပြန်လည်လွှဲပြောင်းပေးရန်ပါဝင်ပြီး အပြန်အလှန်အားဖြင့် နေတန်ယာဟု အစိုးရက ရက်ပေါင်း ၆၀ ကြာ စစ်ရပ်စဲရေးကို သဘောတူမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
The Jerusalem Post သတင်းစာကမူ အမည်မဖော်လိုသူ၏ ပြောကြားချက်ကို ကိုးကား၍ ဟားမက်ဘက်မှ အမေရိကန်၏ အဆိုပြုချက်နှင့်ပတ်သက်၍ အစ္စရေးဘက်သို့ ယိမ်းညွတ်နေသည်ဟု မြင်ကာ သံသယ ရှိကြောင်း၊ ယာယီ ရက်ပေါင်း ၆၀ စစ်ရပ်စဲရေးကို အပြီးသတ် အမြဲတမ်းအဖြစ် ဆက်လက်တည်တံ့စေရန် အမေရိကန်က အာမခံချက်မပေးမည်ကိုလည်း စိုးရိမ်နေကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂