နိုင်ငံတကာလေကြောင်းပြပွဲတွင် ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် Su-57 ကိုယ်ပျောက် တိုက်လေယာဉ်ကို ပြသသွားမည်
တရုတ်နိုင်ငံ တောင်ပိုင်းတွင် ပြုလုပ်မည့် နိုင်ငံတကာ လေကြောင်းပြပွဲ၌ ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ် Sukhoi Su-57 ကိုယ်ပျောက်တိုက်လေယာဉ်ကို ပြသမည်ဖြစ်ကြောင်း တရုတ်စစ်ဘက်က ပြောကြားလိုက်သည်။
နိုင်ငံတကာ လေကြောင်းပြပွဲကို ကွမ်တုန်ပြည်နယ် ချူဟိုင်းမြို့၌ နိုဝင်ဘာ ၁၂ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။ အဆိုပါ လေကြောင်းပြပွဲတွင် တရုတ်တပ်မတော်၏ တိုက်လေယာဉ်များ၊ ဒရုန်းများနှင့် စီးပွားရေးသုံးလေယာဉ်များကို ပြသသွားမည်ဖြစ်သည်။
တရုတ်တပ်မတော်က ရုရှားနိုင်ငံ၏ Su-57 ကိုယ်ပျောက်လေယာဉ်တစ်စင်းသည် ပြပွဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်က ပြောကြားလိုက်သည်။ အဆိုပါ ကိုယ်ပျောက် တိုက်လေယာဉ် လေကြောင်းပြပွဲတွင် ပထမဆုံးအကြိမ် ပြသသွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၏ လေကြောင်းပြပွဲသည် နိုင်ငံတည်ထောင်ခြင်း(၇၅)နှစ်ပြည့် နှစ်ပတ်လည်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။
ထို့အတူ တရုတ်နိုင်ငံ၏ နောက်ဆုံးပေါ်ကိုယ်ပျောက်တိုက်လေယာဉ် J-35 ကိုလည်း အဆိုပါ လေကြောင်းပြပွဲတွင် ပြသနိုင်ခြေရှိကြောင်း လေ့လာသူများက သုံးသပ်ပြောကြားထားသည်။
အင်န်အိတ်ချ်ကေ
Source- မြန်မာ့အလင်း